အိန္ဒိယ ဝန်ကြီးချုပ် မိုဒီရဲ့ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးယူပြီးတဲ့နောက် သူ့ရဲ့ ပထမဆုံးပြည်ပခရီးစဥ်အဖြစ် အိန္ဒိယနိုင်ငံကို ၅ ရက်တာ သွားရောက်ခဲ့ပြီး ဇွန်လ ၃ ရက်မှာ နေပြည်တော်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
လေဆိပ်မှာ ပြည်တွင်းအခြေစိုက်မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာတော့ ခရီးစဉ်အတွင်း ဗုဒ္ဓဂါယာကို သွားရောက်ခဲ့ပြီး တိုင်းပြည်အေးချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူတွေ ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာ လုပ်ကိုင်စားသောက်နိုင်ဖို့ ဆုတောင်းပေးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်က “တိုင်းပြည်အေးချမ်းပါစေ။ ဖွံ့ဖြိုးတိုးတက်ပါစေ။ ပြည်သူတွေ ကိုယ်စိတ်နှလုံးချမ်းမြေ့ကြပြီးမှ လုပ်ကိုင်စားသောက်နိုင်ကြပါစေ။ ဒါကို ကျနော်ဆုတောင်းပါတယ်” လို့ ပြောပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စိုက်ပျိုးရေး နဲ့ မွေးမြူရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေး ကဏ္ဍ၊ ပညာသင်ကြားမှု မြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ခရီးသွားကဏ္ဍတွေ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်တွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အိန္ဒိယ – မြန်မာ နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း တိုင်းပြည်ကိုကောင်းစေချင်ရင် ငြိမ်းချမ်းတဲ့ နည်းနဲ့ ပူးပေါင်းဖို့လိုတယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
“အိန္ဒိယ နယ်စပ်မှာရှိတဲ့ သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုလို့ရှိရင် တိုင်းပြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြိမ်းချမ်းနဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့သဘောထားတွေလည်း ပြန်လည်သုံးသပ်ပြီးတော့မှ ကျနော်တို့ တိုင်းပြည်ကို ကောင်းအောင် ဆောင်ရွက်သွားဖို့ လိုပါလိမ့်မယ်” လို့ ပြောပါတယ်။
အလားတူ တည်ငြိမ်မှုကို ထိခိုက်နေတဲ့ တခြားသော ဒေသအသီးသီးမှာရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအနေနဲ့လည်း ပြန်လည်သုံးသပ်ပြီး တိုင်းပြည်ကောင်းအောင်လုပ်ဖို့ ဒီမိုကရေစီ နည်းလမ်းနဲ့ ပူးပေါင်းကြဖို့လည်း သူကဆက်ပြောပါတယ်။
လက်ရှိ တိုင်းပြည်မှာတော့ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေပြီး နေစဉ်နဲ့အမျှ အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ နေအိမ်ပျက်စီးမှု၊ တိုက်ပွဲကြောင့် ပြည်သူတွေ စစ်ဘေးတိမ်းရှောင်ရမှုတွေ ဖြစ်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။