ကတူးစာပေသင်ကြားရေး လုပ်ငန်းဆောင်ရွက်နေတဲ့ ရဟန်းတော်တွေကို စာပေသင်ကြားခြင်း မပြုလုပ်ဖိို့ နဲ့ အကယ်၍ ဆက်လက်သင်ကြားနေမယ်ဆိုပါက အရေးယူမယ်လို့ ခြိမ်းခြောက်တာကြောင့် ကတူးစာပေသင်ကြားရေးကို ယာယီရပ်နားတယ်လို့ ၂၀၂၆ ခုနှစ် မေလ ၃၁ ရက်မှာ ကတူးရဟန်းတော်များအဖွဲ့မှ ထုတ်ပြန်ခဲ့ပါတယ်။
ကတူးလက်နက်ကိုင်အဖွဲ့အစည်းမှ ဦးမျိုးသိန်းဦး ဆိုသူဟာ မေလ ၂၂ ရက်နေ့မှာ ကတူးစာပေသင်ကြားရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ရဟန်းတော်တွေကို မပြုလုပ်ဖို့နဲ့ အကယ်၍ ဆက်လက်သင်ကြားနေပါက အရေးယူရလိမ့်မယ်လို့ မလျော်သြဇာ သုံးပြီး တားဆီးပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေရပ်ပြန်လိုတဲ့ စစ်ရှောင်ပြည်သူတွေ လမ်းခရီးမှာ အန္တရာယ်ကင်းစေဖို့ ရည်ရွယ်ပြီး နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေကို မေတ္တာရပ်ခံမှုတွေ ဆောင်ရွက်ခဲ့တာကို အကြောင်းပြုကာ ဦးမျိုးသိန်းဦးဟာ ကတူးရဟန်းတော်များအဖွဲ့ကို အပြစ်တင် ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဆိုပါတယ်။
အလားတူ ကတူးစာပေပေါ်ပေါက်ရေးကော်မတီနဲ့ ကတူးလူငယ်များအဖွဲ့ချုပ်ရဲ့ ဦးဆောင်သူတို့ကိုလည်း သူလျှိုဒလန်တွေသဖွယ် စွပ်စွဲပြောဆို ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကတူးစာပေသင်ကြားရေးဦးဆောင်ဆရာတော်တွေ နဲ့ ဆရာဆရာမတွေ တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် မြေပြင်ရှိ ကတူးစာပေသင်ကြားရေးလုပ်ငန်းတွေကို ယာယီ ရပ်နားလိုက်ရတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။