Home » ကော်သူးလေမှာ ရှမ်းလူမျိုး အမျိုးသမီးကွန်ရက် ဖွဲ့စည်း

ကော်သူးလေမှာ ရှမ်းလူမျိုး အမျိုးသမီးကွန်ရက် ဖွဲ့စည်း

by Homeland Author

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေ ကော်သူးလေမှာ ရှမ်းလူမျိုး အမျိုးသမီးကွန်ရက် ဖွဲ့စည်းလိုက်တယ်လို့ KNU က သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှ ၁၀ ရက်အထိ ကော်သူးလေအမျိုးသမီးများကွန်ရက် (KWN) ဦးဆောင်ပြုလုပ်ခဲ့တဲ့ ရှမ်းအမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ရှမ်းလူမျိုး အမျိုးသမီးကွန်ရက်ကို ဖွဲ့စည်းလိုက်တာပဲ ဖြစ်ပါတယ်။

ကော်သူးလေအမျိုးသမီးများကွန်ရက်က ဦးဆောင်ပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ လူမှုစီးပွားရေးအပါအဝင် ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေရဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ဖို့၊ ဆုံးဖြတ်ချက်ချမှတ်တဲ့ အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှု၊ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းနဲ့ ခေါင်းဆောင်မှုတို့ကို တိုးမြှင့်ဖို့၊ တိုင်းရင်းသူအမျိုးသမီးများအကြား ကွန်ရက်ချိတ်ဆက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကို ခိုင်မာအားကောင်းစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရှမ်းအမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အမျိုးသမီးတွေ တွေ့ဆုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်တွေကို တင်ပြတာ၊ KCC (Kawthoolei Consultative Council) မှာ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနအကြောင်းနဲ့ အမျိုးသမီးအရေးပါပုံ စတာတွေကို ရှင်းလင်းတင်ပြတာ၊ ဒူးပလာယာခရိုင်အတွင်း အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှု၊ ကိုယ်စားပြုမှုနဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်ချမှတ်ရာတွေမှာ ပါဝင်နိုင်မှု စတာတွေကို ရှင်းလင်းတင်ပြပေးခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသူအမျိုးသမီးတွေအကြား စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာအားကောင်းစေဖို့ စတဲ့ ခေါင်းစဉ်တွေနဲ့ ခရိုင်တာဝန်ရှိသူတွေက ရှင်းလင်းတင်ပြပေးခဲ့ပြီး အခမ်းအနားကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ အမေးအဖြေတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနောက် ရှမ်းလူမျိုး အမျိုးသမီးတွေ နေထိုင်ရာဒေသမှာ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုနဲ့ အမျိုးသမီးတွေအပေါ် သက်ရောက်မှုရှိနေတဲ့ လက်ရှိပေါ်ပေါက်လာတဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ရှမ်းလူမျိုး အမျိုးသမီးတွေ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ကိုယ်စားပြုမှု သို့မဟုတ် ခေါင်းဆောင်မှုအခန်းကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကြုံတွေ့နေရတဲ့ အဟန့်အတားတွေ၊ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ စတာတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအခမ်းအနားကိုတော့ KNU မှ ခရိုင်နဲ့ မြို့နယ်တာဝန်ရှိ ခေါင်းဆောင်တွေ၊ ကော်သူးလေအမျိုးသမီးများကွန်ရက် (KWN)၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ရှမ်းအမျိုးသမီးတွေနဲ့ လူငယ်ကိုယ်စားလှယ်တွေအပါအဝင် အမျိုးသားတွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

related posts

Leave a Comment