Home » မိုးမိတ်မှာ KIA နဲ့ တိုက်ပွဲပြင်းထန်နေချိန် စစ်တပ် လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်

မိုးမိတ်မှာ KIA နဲ့ တိုက်ပွဲပြင်းထန်နေချိန် စစ်တပ် လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်ပါတယ်။

လက်ရှိ ပြင်းထန်နေတဲ့ တိုက်ပွဲတွေဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ပထမပတ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့မြောက်ဘက်၊ မဘိမ်းမြို့ကို သွားတဲ့ ကားလမ်းတစ်လျှောက်မှာ စတင်ဖြစ်ပွားခဲ့တာလို့ SHRF က ဆိုပါတယ်။

အောက်တိုဘာ ၉ ရက်မှာတော့ စစ်တပ်က မိုးမိတ်မြို့မြောက်ဘက်ရှိ ကျောက်တောင်ကျေးရွာ (၇ မိုင်ကျေးရွာ) ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ SHRF ရဲ့ နိုဝင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ပထမပတ်မှာ စစ်တပ်ဟာ မိုးမိတ်-မဘိမ်းလမ်းတစ်လျှောက် တပ်စွဲထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး မိုးမိတ်မြို့မြောက်ဘက်ရှိ ၇ မိုင်၊ ၅ မိုင်နဲ့ ၄ မိုင်ကျေးရွာတွေမှာ တပ်စွဲအခြေချခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ အဆိုပါကျေးရွာတွေကို အဝင်အထွက် ကန့်သတ်ပိတ်ပင်ခဲ့ပြီး တိုက်ပွဲအတွင်း ပိတ်မိမှာကို စိုးရိမ်တဲ့ ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ထွက်ခွာခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့တယ်လို့ SHRF က ဆိုပါတယ်။

နိုဝင်ဘာ ၁၄ ရက် ညနေ ၆ နာရီကနေ ၈ နာရီအတွင်း စစ်တပ်ဘက်က လေယာဉ်တွေနဲ့ ၇ မိုင်ကျေးရွာကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အနည်းဆုံး ၅ လုံး ပျက်စီးခဲ့သလို အရပ်သား ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းမှာလည်း Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ၇ မိုင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ SHRF က ဆိုပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာလည်း လေကြောင်းကနေ ၇ မိုင်ကျေးရွာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအနီးရှိ တောင်ယာတဲတစ်ခုမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်မှာတော့ စစ်တပ်ဟာ မိုးမိတ်မြို့နဲ့ ၂ မိုင်အကွာအထိ ဆုတ်ခွာခဲ့ရပြီး ဒေသခံတွေကို မြို့အဝင်အထွက် ကန့်သတ်ထားသလို စစ်ဘေးရှောင်ခွင့်လည်း မပေးခဲ့ဘူးလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

related posts

Leave a Comment