Home အမျိုးသမီးကဏ္ဍ ဗန်းမောက်၊ အလယ်ရွာမှာ အဓမ္မကျင့်မှုဖြစ်ပွားပြီး အမှုမှန် ပေါ်ပေါက်ဖို့ ကြိုးပမ်း

ဗန်းမောက်၊ အလယ်ရွာမှာ အဓမ္မကျင့်မှုဖြစ်ပွားပြီး အမှုမှန် ပေါ်ပေါက်ဖို့ ကြိုးပမ်း

by Homeland Author

စစ်ကိုင်းတိုင်းဒေသသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် အလယ်ရွာ သီလရှင်ကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က ညပိုင်းမှာ အဓမ္မပြုကျင့်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးကို အဓမ္မပြုကျင့်သူဟာ စစ်ယူနီဖောင်း ဝတ်ဆင်ထားသူတွေဖြစ်ကြောင်း၊ ကျူးလွန်သူတွေဟာ ကျောင်းပေါ်မှာ SNA ရှိသလားဟု မေးခဲ့ကြောင်း သီလရှင်ကျောင်းမှာ စစ်ဘေးရှောင်နေသူ သီလရှင်ဆရာလေးအစောင့်က ပြောပါတယ်။

“ဗမာစကားနဲ့ပဲ လာပြောတာ၊ ကျောင်းပေါ်တက်ခဲ့လို့ မိုင်းထိုး (တံခါးခတ်ထားခြင်း) ထားတာနဲ့ ကျမက ဖွင့်ပေးလိုက်တာ၊ ဒုန်းဒုန်းနဲ့ဆိုတော့ ဖွင့်ပေးလိုက်တာလေ၊ အင်္ဂလိပ်စကားတွေနဲ့ မေးခဲ့တာ (အင်္ဂလိပ် အသုံးအနှုန်း SNA၊ KIA၊ PDF စသဖြင့်) ရှိသလားတဲ့၊ SNA က လူတွေ ရှိလားတဲ့၊ SNA လားလို့ မေးတယ်တဲ့၊ အဲဒီလူတွေ ရှိသလားလို့ မေးခဲ့တာ” လို့ ပြောပါတယ်။

အလယ်ရွာ သီလရှင်ကျောင်းမှာ နှစ်ထပ်ဆောင်ဖြစ်ပြီး အောက်ထပ်မှာတော့ ကျူးလွန်ခံရတယ်လို့ဆိုတဲ့ အမျိုးသမီး နဲ့ မိခင်ဖြစ်သူတို့ နေထိုင်ကြောင်း၊ အပေါ်ထပ်မှာတော့ သီလရှင်ဆရာလေး နဲ့ ဆရာလေးအစောင့်တို့ နေထိုင်ကြတယ်လို့ သိရပါတယ်။

အဆိုပါ သားအမိနှစ်ဦးဟာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ၎င်းတို့ လက်အောက်ခံအဖွဲ့အစည်း (PDF)၊ ကတူးအာမီတို့ ထိန်းချုပ်ရာ ဒေသသို့ သွားရောက်ခဲ့ပြီးနောက် SNA က ကျူးလွန်တယ်လို့ PDF တွေ နဲ့ မီဒီယာအချို့က တဖက်သတ် ရေးသားစွပ်စွဲကြပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် SNA မှ တာဝန်ရှိပုဂ္ဂိုလ်တွေ နဲ့ အလယ်ရွာမှ ကျေးရွာသားတွေ၊ သီလရှင်ဆရာလေး၊ ဆရာလေးအစောင့်တို့ တွေ့ဆုံခဲ့ပြီး မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ကာ အမှုမှန်ပေါ်ပေါက်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ ကိစ္စရပ်အပေါ် ကျေးရွာသားတွေလည်း ရှိနေတဲ့အတွက် အမှန်တရားကို ဖြေရှင်း၍ရကြောင်း အခြားဒေသသို့ မသွားရောက်ဖို့ တားသော်လည်း KIA/PDF၊ ကတူးအာမီ ထိန်းချုပ်ဒေသသို့ သွားရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

SNA မှ တာဝန်ရှိသူတစ်ဦးက “သီလရှင်ဆရာလေးက အဲဒီဖက်ကို မသွားနဲ့ SNA မှာ သွားတိုင်ပါဆိုတာ သူတို့က မရဘူးတဲ့ ဟိုဖက်ကိုပဲ ရောက်သွားတာတဲ့၊ ကျူးလွန်ခံရတဲ့ မိခင်ရဲ့ သားမတ်တွေ၊ အမျိုးတွေက PDF မှာ ရှိတယ်၊ တောင်ပိုင်းမှာ ရှိတယ်၊ သူတို့ဖက်ကပဲ ဖြစ်ပြီးမှ ဒီဖက်ကို လာစွပ်စွဲနေတာ၊ ပြီးတော့ သူတို့ကလည်း ရေရေရာရာလည်း မသိဘူး။ လက်နက်ကိုင်လို့ပဲ သိပြီး SNA လာစွပ်စွဲနေတာ” လို့ ပြောပါတယ်။

၎င်းဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ အလယ်ရွာဟာ ရှမ်းနီအမျိးသားများ တပ်မတော် (SNA) နဲ့ KIA/PDF ၊ ကတူးအာမီတို့ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကျေးရွာဖြစ်ပြီး နှစ်ဖက်အဖွဲ့အစည်းတွေ လှုပ်ရှားမှု ရှိနေတယ်လို့ သိရပါတယ်။

ဆက်လက်၍ SNA မှ တာဝန်ရှိသူတစ်ဦးက “ဒီကိစ္စနဲ့ ပတ်သက်လို့ SNA ဖက်က ကိုယ့်ဖက်ကိုယ်လည်း စစ်ဆေးနေတယ်၊ ဒီဖက်ကတော့ မဖြစ်တာ လုံးဝ သေချာတယ်၊ အဲဒီနေ့ ကျနော်တို့ ရဲဘော်တွေလည်း အဲဖက်မှာ မရှိဘူးဆိုတာ သက်သေပြနိုင်တယ်၊ တကယ်လို့ ဖြစ်ခဲ့တယ်လိုရင်လည်း အရေးယူဖို့ အဆင်သင့်ပဲ၊ အခုက SNA သိက္ခာကျအောင် တမင်ဖွနေတာ၊ သူတို့ မိသားစုကလည်း ဟိုဖက်ကို (KIA/PDF/ကတူးအာမီ ထိန်းချုပ်ဒေသ) သွားပြီလေ၊ တားလို့တောင် မရဘူးတဲ့၊ တကယ်ဆို ဒီဖက်မှာ တရွာလုံးနီးနီး လာနေနေတာပဲ၊ တိုင်ကြားတာ ဖြေရှင်းတာ လုပ်လို့ ရတာပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း စစ်ယူနီဖောင်းဝတ် လက်နက်ကိုင်တွေက အရပ်ဝတ် အမျိုးသားနှစ်ဦးကို မြေပေါ် မှောက်လှဲခိုင်းပြီး တဦးကို အဓမ္မပြုကျင့်နေတဲ့ ရုပ်သံဗီဒီယိုဖိုင်တခု ထွက်ပေါ်လာခဲ့ပြီး Chindwin News Agency က SNA က ကျူးလွန်တာဖြစ်တယ်လို့ စက်တင်ဘာ ၄ ရက်နေ့မှာ သတင်းမှားဖြန့်ဝေခဲ့ပါတယ်။

အဲဒီနောက် SNA က ကျူးလွန်ခြင်း မဟုတ်တဲ့အတွက် Chindwin News Agency က ၎င်းတို့ သတင်းကို SNA ဟု မရေးသားတော့ဘဲ ရှမ်းမြောက်ရှိ ပြည်သူ့စစ်အဖွဲ့ဟု ပြောင်းလဲပြုပြင်ရေးသားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အလားတူ စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့ စက်တောဘုန်းတော်ကြီးကျောင်းမှ တိုက်ပွဲရှောင်တွေကို SNA က မျက်နှာကို အဝတ်တွေစည်း၍ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မီဒီယာတွေက ရေးသားကြပေမယ့် အဆိုပါ စစ်ဘေးရှောင်တွေဟာ ဘုန်းတော်ကြီးကျောင်းမှာ ဘေးကင်းစွာ ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် အခု အလယ်ရွာဖြစ်စဉ်မှာလည်း သေချာစုံစမ်း၍ အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်ရမှာဖြစ်ကြောင်း သက်သေမခိုင်လုံဘဲ စွပ်စွဲခြင်းက အမှန်တရားထက် အမုန်းတရားကို ပိုဦးတည်စေတယ်လို့ ဗန်းမောက်ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပြီးနောက် ဒေသခံ ရှမ်းနီတိုင်းရင်းသား နဲ့ ကတူး တိုင်းရင်းသားတို့အကြား လူမျိုးရေးပဋိပက္ခအသွင်ဖြစ်ပွားဖို့ လူမှုကွန်ရက်တွေမှာ လှုံဆောင်မှုတွေရှိနေပြီး နှစ်ဖက်အဖွဲ့အစည်းအကြား သတိပြုနေထိုင်ကြဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

related posts

Leave a Comment