ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) ရဲတပ်ဖွဲ့ဟာ ကျားဖြန့်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းတွေကို မိုင်းလားမြို့ အမှိုက်မီးရှို့ကွင်းမှာ အောက်တိုဘာလ ၃၁ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အထူးဒေသ (၄) ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကြပ်မတ်စောင့်ကြည့်မှုအောက်မှာ ဖမ်းဆီးရမိထားတဲ့ ကျားဖြန့်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းတွေကို စက်ကြီးတွေနဲ့ နင်းချေဖျက်ဆီး၍ မီးရှို့လိုက်တယ်လို့ ဆိုပါတယ်။
ဖျက်ဆီးလိုက်တဲ့ ပစ္စည်းတွေကတော့ ဆဲလ်ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ ရောက်တာ (Rout tar) တွေ စတဲ့စက်ပစ္စည်းအမျိုးအစား များစွာပါဝင်ပြီး အရေအတွက်အားဖြင့် တသောင်းခန့်ရှိကာ ခန့်မှန်းတန်ဖိုး ယွမ်ငွေ ဆယ်သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။
အထူးဒေသ (၄) ဟာ တရုတ်နိုင်ငံမှ တရားစီရင်ရေးအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဌာနတွေ နဲ့ ပူးပေါင်းဆောင်ရွက်လျက် ပုံမှန်ချိတ်ဆက်မှုယန္တရားတွေ တည်ဆောက်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်၍ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်မှု မြင့်တက်လာခြင်းကို ထိန်းချုပ်ရာမှာ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နဲ့ ပြည်သူတို့ရဲ့ စည်းစိမ်ဥစ္စာ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အထူးဒေသ (၄) ရဲတပ်ဖွဲ့ဟာ နယ်မြေဖြတ်ကျော်တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းတွေရဲ့ အရင်းအမြစ်ကို ပြင်းထန်စွာ တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။
တည်ငြိမ်အေးချမ်းတဲ့ ဒေသဖွံ့ဖြိုးရေး ပတ်ဝန်းကျင်တရပ်ကို ပုံဖော်သွားနိုင်ဖို့အတွက် ပစ်မှတ်ထားတိုက်ဖျက်ခြင်း၊ အရင်းအမြစ်မှ တားဆီးနှိမ်နင်းခြင်း နဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းပုံစံတို့ဖြင့် ကျားဖြန့်လုပ်ငန်း အခြေစိုက်စခန်းတွေကို အမြစ်ဖြတ်သုတ်သင်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ အထူးဒေသ (၄) က ပြောပါတယ်။


