တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ကို ကိုးကန့်တပ် (MNDAA) က သူ့ရဲ့ အထူးဒေသ (၁) အတွင်း ပါဝင်တဲ့ မြို့နယ်တစ်ခုအဖြစ် ဖော်ပြလာပါတယ်။
ဒါ့အပြင် MNDAA တာဝန်ရှိသူတွေဟာ နမ့်ခမ်းမြို့နယ်၊ မန်ကျားကျေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံပြီး လုံခြုံရေး၊ အုပ်ချုပ်ရေးနဲ့ ဒေသတွင်းပြဿနာတွေကို ဆွေးနွေးခဲ့ပါတယ်။
MNDAA က နမ့်ခမ်းကို အထူးဒေသ (၁) အတွင်း ထည့်သွင်းဖော်ပြလာတာဟာ ဒေသခံတွေနဲ့ တိုက်ရိုက်ဆက်ဆံရေး တည်ဆောက်ပြီး အုပ်ချုပ်ရေးဆိုင်ရာ ဩဇာချဲ့ထွင်လာတာဖြစ်တယ်လို့ ရှုမြင်မှုတွေ ရှိနေပါတယ်။ ဒါဟာ TNLA နဲ့ မဟာမိတ်ဆက်ဆံရေးထက် နယ်မြေအုပ်ချုပ်ရေးနဲ့ ဩဇာလွှမ်းမိုးမှုက ပိုပြီး အရေးပါလာတဲ့ အခြေအနေကို ပြသနေတယ်လို့ ဆိုပါတယ်။
MNDAA နဲ့ TNLA နှစ်ဖွဲ့စလုံးဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပေမယ့် စစ်ဆင်ရေးအောင်မြင်ပြီးနောက် သိမ်းပိုက်ရရှိခဲ့တဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
၂၀၂၆ ခုနှစ် မတ်လအတွင်း TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို MNDAA က ထိန်းချုပ်နိုင်ခဲ့ပြီး TNLA ဟာ အဲဒီနယ်မြေအပေါ် အုပ်ချုပ်ရေးအခွင့်အာဏာ ဆုံးရှုံးခဲ့ပါတယ်။ အဲဒီနောက်မှာလည်း နမ့်ခမ်းမြို့နယ်အရေးဟာ ဆက်စပ်ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

MNDAA ခေါင်းဆောင် ဖုန်တာရွှင်
MNDAA ဟာ နမ့်ခမ်းမြို့နယ်ကို သူ့ရဲ့ အထူးဒေသအတွင်း ထည့်သွင်းဖို့ နဂိုကတည်းက မျှော်မှန်းထားတဲ့ စစ်ရေးရည်မှန်းချက်ရှိခဲ့တာဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“အခုအနေအထားမှာ ကျမတို့ မြင်နေရတာကတော့ TNLA နဲ့ MNDAA ကြားမှာ စစ်ပွဲတော့ မဖြစ်တော့ဘူး။ သို့ပေမယ့်လည်း MNDAA ဘက်က TNLA ထိန်းချုပ်တဲ့ နယ်မြေထဲကို ဂိတ်တွေ တဖြည်းဖြည်းနဲ့ တိုးဝင်နေတယ်၊ ဂိတ်တွေ ဝင်ချနေတယ်ဆိုတာကို မြင်နေရတယ်ပေါ့နော်။ အခု နမ့်ခမ်းဒေသမှာလည်း အဲဒီလိုပဲ။ အစတုန်းက ၁၂ မိုင်မှာ ဂိတ်ဆောက်တယ်။ အခု ၁၂ မိုင်ကျော် နမ့်ခမ်းဒေသထဲအထိ သူတို့ဂိတ်တွေ တိုးဝင်နေတဲ့ဟာတွေ ဖြစ်တယ်။ အဲဒါကြောင့် အဲဒီအပေါ်မှာ ပြန်ကြည့်မယ်ဆိုရင်တော့ ဒါက သူတို့ အထူးဒေသ (၁) အနေနဲ့ ထည့်လိုက်တာဟာ နမ့်ခမ်းဒေသကို သူတို့က နဂိုမူလကတည်းက မျှော်မှန်းထားတဲ့ စစ်ရေးရည်မှန်းချက်ဖြစ်တယ်လို့တော့ မြင်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ အထူးဒေသ (၁) အနေနဲ့ ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းမြို့နယ်ဆိုပြီးတော့မှ သူတို့ဟာသူတို့ သတ်မှတ်ချက်နဲ့ ထည့်လိုက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
နမ့်ခမ်းမှာ သျှမ်းအများစုနေထိုင်ပြီး တအာင်း၊ ကိုးကန့်နဲ့ အခြားတိုင်းရင်းသားလူမျိုးတွေ အတူတကွ နေထိုင်ကြတာကြောင့် နယ်မြေပြိုင်ဆိုင်မှုဟာ တပ်ဖွဲ့နှစ်ခုအကြားကိစ္စတစ်ခုတည်း မဟုတ်တော့ဘဲ လူမှုအသိုင်းအဝိုင်းအပေါ်ပါ သက်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။
အဖွဲ့နှစ်ဖွဲ့စလုံးက အဲဒီနယ်မြေအပေါ် အုပ်ချုပ်ရေးအခွင့်အာဏာ တောင်းဆိုလာမယ်ဆိုရင် ဒေသခံတွေဟာ ဘယ်အဖွဲ့ရဲ့ စည်းမျဉ်းကို လိုက်နာရမလဲဆိုတဲ့ အခက်အခဲတွေပါ ကြုံလာနိုင်တယ်လို့ ဆိုပါတယ်။
MNDAA ဟာ နယ်မြေချဲ့ထွင်မှုတွေကို တောက်လျှောက်လုပ်ဆောင်နေပြီး လက်ရှိမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းအပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ခဲ့တဲ့ သိန္နီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ တာမိုးညဲ၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်တွေအပြင် သီပေါမြို့အထိပါ နယ်မြေချဲ့ထွင်လာတာတွေ ရှိနေတယ်လို့ သျှမ်းမြောက်ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီတော့ ပြောမယ်ဆိုရင် သိန္နီနဲ့ ကွတ်ခိုင်လောက်ပဲ ပြောနေတာ။ အမှန်တော့ မဟုတ်ဘူး။ အဲဒီဘက် ယူနန်ပြည်နယ်တစ်လျှောက် ဆက်စပ်နေတဲ့ တရုတ်နဲ့ မြန်မာ ဆက်စပ်နေတဲ့ နယ်မြေကနေပြီးတော့ ကျနော်တို့ ဘယ်အထိ ရောက်သွားပြီလဲဆိုတော့ ကျနော်တို့နေတဲ့ အခုမြို့အထိပေါ့နော်၊ လုံခြုံစိတ်ချမှု မရှိတော့ဘူး။ သီပေါဘက်ခြမ်းမှာလည်း သူတို့ စိုးမိုးထားတယ်။ အဲဒီကနေပြီးတော့ ကျနော်တို့ မိုင်းရယ်တို့ ဘာတို့ပေါ့ဗျာ။ အဲဒီအထိ သွားတာပေါ့။ အဲဒီတော့ ဒီဘက်မှာ ဘာဖြစ်လဲဆိုတော့ ဒီဘက်မှာ လက်နက်ကိုင်အဖွဲ့တွေကို နဂိုကတည်းက မြောက်များစွာ ဖွဲ့ခဲ့ကြတယ်။ ပြည်သူ့စစ်အမည်ခံပြီးတော့ အဖွဲ့အစည်းများစွာ ဖွဲ့ခဲ့ကြတယ်။ နောက် နယ်စပ်လမ်းတွေ ကုန်သွယ်မှု ဖွင့်လာတဲ့အခါမှာ အများကြီး ဝင်လာတာပေါ့။ Border တစ်လျှောက် ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်စပ်နေတဲ့နေရာတွေ၊ အိန္ဒိယနဲ့ ဆက်စပ်နေတဲ့နေရာတွေ၊ တရုတ်နဲ့ ဆက်စပ်နေတဲ့နေရာတွေ၊ ယိုးဒယားနဲ့ ဆက်စပ်နေတဲ့နေရာတွေ၊ Border တစ်လျှောက်ကို ကြည့်လိုက်တဲ့အခါမှာ ကျနော်တို့နေရာတွေကို အများဆုံး ကျူးကျော်ဝင်ရောက်ပြီးတော့မှ လွယ်လွယ်ကူကူနဲ့ ထိုးဖောက်ပြီး ချယ်လှယ်နိုင်တာ တရုတ်တွေပဲ ဖြစ်နေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် MNDAA ဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာလည်း တစ်အိမ်တစ်ယောက်နှုန်းနဲ့ စစ်မှုမထမ်းမနေရဆိုပြီး အဓမ္မတပ်သားသစ် စုဆောင်းနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ TNLA နဲ့ MNDAA တို့ရဲ့ အုပ်ချုပ်ရေးနယ်မြေနဲ့ ဩဇာလွှမ်းမိုးမှုကြားမှာ အထိခိုက်လွယ်ဆုံးက ဒေသခံပြည်သူတွေဖြစ်ပြီး နှစ်ဖက်တပ်အကြား တင်းမာမှုတွေကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“အခုလောလောဆယ် နမ့်ခမ်းဒေသကတော့ TNLA ထိန်းချုပ်တဲ့ အနေအထားတော့ ရှိနေတယ်။ ဒါပေမယ့် သူတို့အနေနဲ့ တစ်ဆက်တည်းမှာလည်း နမ့်ခမ်းဒေသထဲကို တဖြည်းဖြည်းနဲ့ နယ်မြေတွေ တိုးဝင်လာတာတွေ ရှိတယ်။ နယ်မြေချဲ့ထွင်ပြီးမှ ဂိတ်တွေ ချနေတဲ့ဟာတွေ ရှိတယ်။ အဲဒီအပေါ်မှာ လူထုတွေအနေနဲ့ကတော့ TNLA နဲ့ MNDAA ကြားမှာ စစ်ပွဲပြန်ဖြစ်မှာကို စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီလိုမျိုး ကြေညာလိုက်ခြင်းအားဖြင့်တော့ နမ့်ခမ်းဒေသကို အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးကို သူတို့က ပြန်ပြီးတော့ အသိအမှတ်မပြုဘူး။ ဒါက သူတို့ရဲ့ နယ်မြေဖြစ်တယ်။ သူတို့က ပြန်ပြီးတော့ ကြိုးစားမယ်ဆိုတဲ့ အနေအထားမျိုးတော့ မြင်တယ်။ အဲဒါကြောင့်မို့လို့ TNLA ထိန်းချုပ်တဲ့ နယ်မြေတွေမှာ လူထုတွေ့ဆုံပွဲတွေ လုပ်ပြီးတော့မှ နယ်မြေစိုးမိုးမှုတွေ၊ အုပ်ချုပ်ရေးပိုင်းတွေ ဖော်ဆောင်ဖို့အတွက် ကြိုးစားနေတာတော့ ကျမတို့ တွေ့ရတယ်။ သတင်းတွေမှာလည်း ဖော်ပြနေတာ တွေ့ရတယ်။ အဲဒီမှာဆိုရင် နှစ်ဖက်ကြားမှာ တင်းမာမှုတွေ ဖြစ်လာနိုင်မယ့် အနေအထားတွေတော့ ဖြစ်တယ်။ တင်းမာမှုတွေ ဖြစ်လာရင်တော့ လူထုအနေနဲ့ စစ်ပွဲပြန်ဖြစ်မှာကို စိုးရိမ်နေတဲ့ အနေအထားတော့ ဖြစ်တယ်” လို့ ပြောပါတယ်။
ဒါကြောင့် နယ်မြေပြဿနာ အငြင်းပွားမှုကနေ စစ်ရေးပဋိပက္ခဖြစ်ပွားလာနိုင်တဲ့ အခြေအနေဖြစ်ပြီး နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေ အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဟာဗျူဟာကျတဲ့ နယ်စပ်မြို့တစ်မြို့လည်း ဖြစ်ပါတယ်။