ရှမ်းပြည်အရှေ့ပိုင်း နမ့်ခုတ်မြစ်တစ်လျောက်ရှိ မြေရှား နဲ့ ရွှေတူးဖော်မှုတွေ တိုးချဲ့လာမှုနောက်မှာ တရုတ် အစိုးရ ကျောထောက်နောက်ခံကုမ္ပဏီတွေ ရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မနေ့က အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသရှိ နမ့်ခုတ်မြစ်တလျှောက်မှာ မြေရှားသတ္တု နဲ့ ရွှေသတ္တုတွင်းတွေ တိုးချဲ့လာတာကို ဂြိုဟ်တုဓာတ်ပုံသစ်တွေက ထုတ်ဖော်ပြသနေပြီး အတွင်းပိုင်းသတင်းရင်းမြစ်တွေအရ အဆိုပါသတ္တုတွင်းတွေကို တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining ကုမ္ပဏီမှ လည်ပတ်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။
အဆိုပါ ဂြိုဟ်တုဓာတ်ပုံတွေကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး အထင်ရှားဆုံး ပြောင်းလဲမှုကို ထိုင်းနယ်စပ်မှ ကီလိုမီတာ ၃၀ အကွာရှိ မြစ်အထက်ပိုင်းမှ ရွှေသတ္တုတူးဖော်ရေး ဧရိယာမှာ တွေ့မြင်ရကာ အဲဒီနေရာမှာ သစ်တောဖုံးလွှမ်းတဲ့ တောင်စောင်းတွေကို ကုတ်ခြစ်တူးဖော်၍ လမ်းသစ်တွေ နဲ့ သတ္တုတွင်းတွေကို ကွန်ရက်သဖွယ် တိုးချဲ့တူးဖော်ထားတယ်လို့ ဆိုပါတယ်။
မြေကြီးထဲမှ ထွက် လာတဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ အဆိုပါ သတ္တုတွင်းတွေမှ စီးဆင်းလာတဲ့ ရေတွေဟာ နမ့်ခုတ်မြစ် အတွင်းသို့ တိုက်ရိုက် စီးဝင်နေပြီး နမ့်ခုတ်မြစ်ရဲ့ အနောက်ဘက်ကမ်းရှိ သန့်စင်စက်ရုံတွေမှာ ရွှေ ရိုင်းတွေကို ဆက်လက် ထုတ်ယူ သန့်စင်နေကာ ထိုစက်ရုံတွေမှ ဓာတုအကြွင်းအကျန်တွေဟာလည်း မြစ်အတွင်းသို့ တိုက်ရိုက် စီးဝင်နေဖွယ် ရှိတယ်လို့ ဆိုပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့ သတင်းထုတ်ပြန်ချက် အပြီးမှာ နမ့်ခုတ်မြစ်အနီးရှိ မြစ်ရဲ့ အနောက်ဘက်တစ်ခြမ်း နဲ့ အရှေ့ဘက်တစ်ခြမ်းမှ မြေရှားသတ္တုတွင်း နှစ်ခုစလုံးဟာ အခုအခါ တိုးချဲ့မှုအသစ်တွေကိုတွေ့နေရပြီး နှစ်ခုစလုံးဟာ တောင်စောင်းတွေအတွင်းသို့ ဓာတုပစ္စည်း ပမာဏအများအပြား ထိုးသွင်းရတဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ ‘in-situ leaching’ နည်းလမ်းကို အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက လည်ပတ်နေပုံရတဲ့ အရှေ့ဘက်ခြမ်းရှိ မြေရှားသတ္တုတွင်းဟာလည်း ဆက်လက် လည်ပတ်နေဆဲဖြစ်ပြီး ထူးခြား ချက်မှာ လုပ်ငန်းခွင်ရဲ့ အရှေ့မြောက်ဘက်ကဏ္ဍမှာ အဆောက်အအုံသစ် အများအပြားကို တွေ့မြင်နေရကာ ၎င်းက လုပ်ငန်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်လာတာကို ပြသနေတယ်လို့ ဆိုပါတယ်။
နမ့်ခုတ်မြစ်ကို အန္တရာယ်ဖြစ်စေတဲ့ ညစ်ညမ်းမှုတွေ ရှိနေတဲ့ကြားက အဆိုပါ သတ္တုတွင်းနေရာသုံးခုကို တိုးချဲ့နေတာဟာ နယ်စပ်နှစ်ဖက်စလုံးရှိ လူထုအသိုင်းအဝိုင်းတွေအပေါ် သက်ရောက်မှုရှိနေသဖြင့် အလွန်အမင်း စိုးရိမ်စရာကောင်းတယ်လို့ ဆိုပါတယ်။
မိုင်းဆတ်မြို့နယ်အရှေ့ပိုင်း မိုင်းယွန်းဒေသကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့ မြန်မာစစ်အစိုးရတို့က ပူးတွဲထိန်းချုပ်ထားရာ၊ သတ္တုတွင်းတွေ လည်ပတ်နိုင်ဖို့အတွက် အဖွဲ့အစည်း နှစ်ခုစလုံးထံမှ ခွင့်ပြုချက် ရယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မိုင်းယွန်းရှိ နမ့်ခုတ်မြစ်တလျှောက် မြေရှားသတ္တုတွင်းတွေ နဲ့ အဓိက ရွှေတူးဖော်ရေးလုပ်ငန်း နှစ်မျိုးစလုံးကို လုပ်ကိုင်နေသူမှာ China Investment Mining Company ဖြစ်ပြီး၊ အဆိုပါကုမ္ပဏီသည် လာအိုနိုင်ငံ မြောက်ပိုင်းမှာလည်း မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိပါတယ်။
China Investment Mining Co. ရဲ့ ၉၀% ကို Shanghai Chijin Xiawu Metal Resources Co. Ltd. က ပိုင်ဆိုင်ပြီး ၎င်းကုမ္ပဏီဟာ လာအိုနိုင်ငံမှာ မြေရှားသတ္တု အရင်းအမြစ်တွေ တူးဖော်ထုတ်လုပ်ဖို့အတွက် တရုတ်အစိုးရ ကျောထောက်နောက်ခံရှိ Xiamen Tungsten Corporation နဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိက ရွှေထုတ်လုပ်သူ Chifeng Gold တို့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့တဲ့ ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်ကာ Xiamen Tungsten Corporation (XTC) ဟာ တရုတ်နိုင်ငံရဲ့ အဓိက မြေရှားသတ္တု ကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်ပါတယ်။