မြန်မာနိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း အမျိုးသမီး ၅၈ ဦး သေဆုံးခဲ့ပြီး ၆၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ BWU က ပြောပါတယ်။
သေဆုံးသူ ၅၈ ဦးထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၈ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ ဦး၊ ကျည်ထိမှန်မှုကြောင့် ၁ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၁ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် ၁ ဦး ပါဝင်ပါတယ်။
အဲဒီ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၆ ဦးနဲ့ မသန်စွမ်းအမျိုးသမီး ၁ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အလားတူ ထိခိုက်ဒဏ်ရာရသူ ၆၅ ဦးထဲမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၀ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၃ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ BWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေသအလိုက် အမျိုးသမီးသေဆုံးမှုမှာ ရခိုင်ပြည်နယ်က ၁၇ ဦးနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းမှာ ၁၃ ဦး၊ စစ်ကိုင်းတိုင်းမှာ ၁၁ ဦး၊ မန္တလေးတိုင်းမှာ ၇ ဦးနဲ့ ကရင်နီပြည်နယ်မှာ ၅ ဦး သေဆုံးခဲ့ပါတယ်။
တနင်္သာရီတိုင်း၊ သျှမ်းပြည်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာလည်း တစ်ဦးစီ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာ ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံတွေကြောင့် အသက်ဆုံးရှုံးနေရတယ်လို့ BWU က ထုတ်ပြန်ထားပါတယ်။