အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေကို မြန်မာစစ်တပ်ဘက်က ခြေလျင်စစ်သည်အင်အား ၂,၀၀၀ ဝန်းကျင် အသုံးပြုပြီး လမ်းကြောင်းပေါင်းစုံကနေ ကြည်း၊ ရေ၊ လေ ပူးတွဲထိုးစစ်ဆင်နေတယ်လို့ ISP-Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်ကစပြီး ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့နယ်တွေအပြင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း မင်းတုန်းနဲ့ ဆောမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကို မြန်မာစစ်တပ်ဘက်က တရားဝင်ထုတ်ပြန်တာ မရှိသေးပေမယ့် စစ်တပ်ထောက်ခံသူတွေက “၄၉၂၆ စစ်ဆင်ရေး” ဒါမှမဟုတ် “ရန်နိုင်အောင် စစ်ဆင်ရေး” လို့ ဖော်ပြကြပါတယ်။
စက်တင်ဘာ ၄ ရက်ကစပြီး မြန်မာစစ်တပ်ဟာ AA ထိန်းချုပ်နယ်မြေတွေကို ကြည်း၊ ရေ၊ လေ လမ်းကြောင်းပေါင်းစုံကနေ ထိုးစစ်ဆင်ခဲ့တယ်လို့ ISP-Myanmar က ဆိုပါတယ်။
ဒီစစ်ဆင်ရေးအတွင်း ထိတွေ့တိုက်ပွဲ ၃၂ ကြိမ်ထက်မနည်းနဲ့ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၇၁ ကြိမ်ရှိခဲ့ပြီး အရပ်သားသေဆုံးမှု ၇၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ ပြင်းထန်နေသော်လည်း ULA/AA ဘက်ကတော့ နယ်မြေဆုံးရှုံးမှု မရှိသေးဘူးလို့ ISP-Myanmar က ဆိုပါတယ်။

ဧရာဝတီ-ရခိုင်နယ်စပ်မှာ တွေ့ရတဲ့ AA တပ်ဖွဲ့ဝင်များ
စက်တင်ဘာ ၄ ရက်ကစပြီး စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ စစ်ကြောင်း ၃ ကြောင်း၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းဘက်ကနေ စစ်ကြောင်းတစ်ကြောင်း၊ ဧရာဝတီတိုင်းအတွင်းက နေရာ ၃ ခုအပြင် ပဲခူးတိုင်းနဲ့ မကွေးတိုင်းဘက်မှာလည်း စစ်ကြောင်းတစ်ကြောင်းစီနဲ့ စုစုပေါင်း စစ်ကြောင်း ၇ ကြောင်း အသုံးပြုပြီး ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
ဒီထိုးစစ်အတွင်း ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ စစ်ဘက်စခန်းတွေက လက်နက်ကြီးပစ်ကူပေးခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
AA ဘက်ကလည်း မဆုတ်တမ်း ခံစစ်ဆင်ခဲ့သလို တချို့နေရာတွေမှာ လျှပ်တပြက် တန်ပြန်ထိုးစစ်တွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ဘက်စုံစစ်ပွဲ (Total War) သဏ္ဌာန်နဲ့ ပြင်းထန်တဲ့ မဟာဗျူဟာမြောက် စစ်ပွဲအသွင် ဆောင်လာတယ်လို့ ISP-Myanmar က သုံးသပ်ထားပါတယ်။
အခုစစ်ဆင်ရေးမှာ မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေ ပူးတွဲပြီး ထိုးစစ်ဆင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ ထိုးစစ်ကို ခုခံနေရတဲ့ ULA/AA နဲ့ မဟာမိတ်တပ်ဖွဲ့တွေဘက်မှာလည်း နယ်မြေချဲ့ထွင်ရေးအရှိန် တန့်သွားနိုင်ပြီး ခံစစ်သဘောမျိုး ပုံစံပြောင်းလာခဲ့တယ်လို့ ISP-Myanmar က ဖော်ပြထားပါတယ်။
အရပ်သားသေဆုံးမှုနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူတွေ တိုးလာတာကြောင့် AA ထိန်းချုပ်နယ်မြေတွေမှာ လူမှုစီးပွားရေး ထိခိုက်မှုတွေ ပိုမိုကြုံတွေ့လာနိုင်တယ်လို့ ISP-Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။