အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့တွေကို တော်လှန်ရေးရန်ပုံငွေတွေ ထောက်ပံ့ပေးနေတဲ့ ထောက်ပို့တပ်သား ၅ သောင်းကျော်ဟာ ပြီးခဲ့တဲ့ ၂ လအတွင်း လျော့ကျသွားတယ်လို့ PRF က ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ လအတွင်းမှာ တာဝန်ထမ်းဆောင်ခြင်း မရှိတော့တဲ့ ထောက်ပို့တပ်သားအရေအတွက် တိုးလာကြောင်း၊ အခုလို ရပ်နားလိုက်တဲ့ ခဏအတွင်းမှာ မြေပြင်က ရဲဘော်တွေဆီ ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်သွားမလဲဆိုတာကို မမေ့မလျော့ သတိပြုဖို့လိုတယ်လို့လည်း ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (People’s Revolution Supply Family – PRF) က ဆိုပါတယ်။
“PRF မှာ ပုံမှန် ထောက်ပို့တာဝန် ထမ်းဆောင်ဖို့ ပျက်ကွက်နေတဲ့ Retired ရဲဘော် ပမာဏ ၅သောင်းကျော် ရှိပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂ လအတွင်းမှာ တာဝန်ထမ်းဆောင်ခြင်း မရှိတော့တဲ့ ထောက်ပို့တပ်သား အရေအတွက်ဖြစ်ပါတယ်။ တာဝန်တွေကို ခေတ္တလွှတ်ချပြီး အနားယူလိုက်တဲ့ ခဏမှာ မြေပြင်က ရဲဘော်တွေဆီကို ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်သွားမလဲဆိုတာ မမေ့မလျော့ သတိပြုမိဖို့ လိုပါတယ်။ ကျနော်တို့ ထောက်ပို့တပ်သားတွေရဲ့ အခန်းကဏ္ဍဟာ အရံအင်အား မဟုတ်ပါဘူး။ တော်လှန်ရေးဆိုတဲ့ ယန္တရားကြီး ပုံမှန်လည်ပတ်နေဖို့ မရှိမဖြစ်လိုအပ်တဲ့ အဓိက အစိတ်အပိုင်းတခုဖြစ်ပါတယ်” လို့ PRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။