Home » သဝန်အင်းနဲ့ နမ့်ကပေါအင်း လုပ်ပိုင်ခွင့်အရှုပ်အထွေး ဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ တောင်းဆို

သဝန်အင်းနဲ့ နမ့်ကပေါအင်း လုပ်ပိုင်ခွင့်အရှုပ်အထွေး ဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ တောင်းဆို

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ထဲက သဝန်အင်းနဲ့ နမ့်ကပေါအင်းတို့ကို ရေချိုငါးလုပ်ငန်းဥပဒေနဲ့ မညီဘဲ ပုဂ္ဂိုလ်တစ်ဦးတည်းကို (၃) နှစ် ကြေးဒိုင် လုပ်ပိုင်ခွင့် ပေးထားတာကို ပယ်ဖျက်ပေးဖို့ ဒေသခံ တောင်သူ ရေလုပ်သားတွေက တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ (၄) နဲ့အညီ ပွင့်လင်းမြင်သာတဲ့ ဈေးပြိုင်လေလံစနစ်နဲ့ ပြန်လည်ရောင်းချပေးဖို့ ဒေသခံတွေက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ဇူလိုင်လ (၂၄) ရက်နေ့စွဲနဲ့ တင်ပြတောင်းဆိုခဲ့ကြတာပါ။

ဟုမ္မလင်းမြို့နယ်ထဲမှာရှိတဲ့ သဝန်အင်းနဲ့ နမ့်ကပေါအင်း (၂) ခုကို စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ (၄) ပါ ပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင်ပြီး ဈေးပြိုင်လေလံစနစ် မဟုတ်ဘဲ ဦးမျိုးနိုင် ဆိုသူကို ဂရန်အင်း (၃) နှစ် ကြေးဒိုင်အဖြစ် တစ်ဦးတည်း ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ကိုင်ခွင့် ပြုထားတာအပေါ် ဒေသခံ တောင်သူ ရေလုပ်သားတွေက ကန့်ကွက်ထားကြတာ ဖြစ်ပါတယ်။

ဒေသခံ ရေလုပ်သားတစ်ဦးက “ကျနော်တို့ ဒေသခံ ရေလုပ်သားတွေက ဥပဒေအတိုင်း ရပ်ရွာအခြေပြု ငါးလုပ်ငန်းအစုအဖွဲ့တွေ ဖွဲ့စည်းပြီး (၁) နှစ်စာ အင်းခွန်တွေကို အာမခံအဖြစ် ထည့်သွင်းကန့်ကွက်ထားတာတွေ ရှိပေမဲ့ ဥပဒေနဲ့ ဆန့်ကျင်ပြီး ပုဂ္ဂိုလ်တစ်ဦးတည်းကိုပဲ ဆက်လက်လုပ်ကိုင်ခွင့် ပြုထားပါတယ်။ ဒါဟာ ဒေသခံ တောင်သူ ရေလုပ်သားတွေရဲ့ ဥပဒေနဲ့အညီ တင်ပြတောင်းဆိုမှုတွေကို လျစ်လျူရှုရာ ရောက်နေပါတယ်” လို့ ပြောပါတယ်။

အဆိုပါ သဝန်အင်းနဲ့ နမ့်ကပေါအင်းတို့ကို ရေချိုငါးလုပ်ငန်းဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ မညီညွတ်ဘဲ ဒေသခံ တောင်သူ ရေလုပ်သား အစုအဖွဲ့တွေက ကန့်ကွက်ထားပါလျက်နဲ့ တစ်ဦးတည်းကို (၃) နှစ် ကြေးခိုင် ချထားပေးတာကို အမြန်ဆုံး ပယ်ဖျက်ပေးပြီး၊ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဈေးပြိုင်လေလံစနစ်နဲ့ ပြန်လည် ဆောင်ရွက်ပေးစေချင်တယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးခွင့် တားမြစ်မိန့် ကုန်ဆုံးချိန် ရောက်ရှိလာပြီဖြစ်တာကြောင့် ဒီပြဿနာတွေကို အပြီးသတ် မဖြေရှင်းနိုင်သေးမီ ဂရန်အင်းတွေအတွင်း ငါးဖမ်းဆီးခွင့်ကို ဂရန်အင်း (၃) နှစ် ကြေးဒိုင် ရရှိထားတယ်ဆိုသူ ဦးမျိုးနိုင် အပါအဝင် ဒေသခံ တောင်သူ ရေလုပ်သားတွေပါ ငါးဖမ်းဆီးရှာဖွေခွင့် ယာယီ တားမြစ်ပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးကို တိုင်ကြား တင်ပြထားကြောင်း သိရပါတယ်။

ဒါ့အပြင် ဒေသခံတွေ နစ်နာမှုမရှိစေဖို့ ကျေးရွာတိုင်းမှာရှိတဲ့ တောင်သူ ရေလုပ်သား အစုအဖွဲ့တွေကို ငါးဖမ်းရှာဖွေခွင့် ပြုပေးဖို့ (သို့မဟုတ်) စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ (၄) ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ပွင့်လင်းမြင်သာတဲ့ ဈေးပြိုင်လေလံစနစ်နဲ့ ဆောင်ရွက်ပေးဖို့ ကက်သာကျေးရွာအုပ်စုနဲ့ သဝန်တိုက်နယ် (၄) အုပ်စုတို့က ဒေသခံ တောင်သူ ရေလုပ်သား (၂၀၀) ခန့်က တောင်းဆိုထားကြပါတယ်။

related posts

Leave a Comment