သျှမ်းပြည်အရှေ့ပိုင်း၊ ထိုင်းနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခုမှ လုပ်ကိုင်နေတဲ့ မြေရှားသတ္တုတွင်းတွေမှာ တာချီလိတ်မြို့မှ လူကုန်ကူးခံရတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းမှ မြန်မာအလုပ်သမားတွေကို ကျွန်ပြုခိုင်းစေနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ဒီနေ့ မေလ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသူတစ်ဦး ကိုသက် (အမည်လွှဲ) ရဲ့ ပြောကြားချက်အရ ၂၀၂၅ ခုနှစ် ဧပြီလမှာ တာချီလိတ်မြို့ရှိ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပိုင် ‘ရောင်နီဦး’ ဝင်းအတွင်းရှိ တရုတ်အွန်လိုင်းငွေလိမ် ကုမ္ပဏီတစ်ခုမှတစ်ဆင့် လူကုန်ကူးခံခဲ့ရတာလို့ ဆိုပါတယ်။
သူဟာ အဲဒီကုမ္ပဏီရဲ့ စာရင်းကိုင်ဌာနမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းအထိ လုပ်ကိုင်ခဲ့သော်လည်း၊ သူနဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦးဟာ တရုတ်စာရင်းကိုင် ကြီးကြပ်သူရဲ့ မတရားငွေအလွဲသုံးစားလုပ်မှုဖြင့် စွပ်စွဲခြင်းကို ခံခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီနောက် ပြစ်ဒဏ်အဖြစ် အခကြေးငွေမရဘဲ အွန်လိုင်းမှ ဖုန်းခေါ်ဆို၍ ငွေလိမ်ရတဲ့အလုပ်ကို အဓမ္မခိုင်းစေခြင်း ခံခဲ့ရပြီး သုံးလအကြာမှာ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ၎င်းတို့သုံးဦးကို မြန်မာရဲအရာရှိတစ်ဦးက ကားဖြင့် မိုင်းဆတ်တောင်ပိုင်းရှိ မိုင်းယွန်းသို့ ပို့ဆောင်ခဲ့ပြီး UWSA စစ်သားတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ထိုင်းနယ်စပ်နဲ့ ရှစ်ကီလိုမီတာခန့်အကွာ နမ့်ခုတ်မြစ်အရှေ့ဘက်ကမ်းရှိ တရုတ်ကုမ္ပဏီတစ်ခုက လုပ်ကိုင်နေတဲ့ မြေရှားသတ္တုတွင်းသို့ ပို့ဆောင်ခြင်း ခံခဲ့တယ်လို့ SHRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ အမျိုးသားသုံးဦးကို သံခြေကျင်းခတ်ထားသူတွေ အပါအဝင် UWSA အကျဉ်းသား ၃၀ ခန့်နဲ့အတူ သတ္တုတွင်းမှာ ဖမ်းဆီးထားပြီး မြေတူးတာနဲ့ ပစ္စည်းသယ်ယူတာတွေကို ပင်ပန်းကြီးလှတဲ့ လုပ်အားပေးခိုင်းစေမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
တစ်ခါတစ်ရံမှာ နမ့်ခုတ်မြစ်အနောက်ဘက်ကမ်းရှိ အဲဒီကုမ္ပဏီရဲ့ အခြားမြေရှားသတ္တုတွင်းတစ်ခုမှာလည်း သွားရောက်လုပ်ကိုင်ခဲ့ရပြီး ၎င်းတို့ကို မြန်မာနိုင်ငံအနှံ့အပြားမှလာတဲ့ ပုံမှန်သတ္တုတွင်းအလုပ်သမား ၁၀၀ ခန့်နဲ့ သီးခြားခွဲထားတယ်လို့ဆိုပါတယ်။
တရုတ်သတ္တုတွင်း ဝန်ထမ်း ၅၀ ကျော်ရှိတဲ့ အဲဒီတွင်းကို UWSA စစ်သား ၅၀ ခန့်က စောင့်ကြပ်နေပြီး ကိုသက်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် ညအချိန် ထွက်ပြေးဖို့ ကြိုးပမ်းခဲ့သော်လည်း ပြန်လည်ဖမ်းဆီးခံရကာ ရိုက်နှက်ခြင်းခံခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီနောက် ၎င်းကို အခြားတစ်နေရာရှိ UWSA အချုပ်ခန်းသို့ ပို့ဆောင်ခဲ့ပြီး တရုတ်နယ်စပ်အနီး UWSA မြောက်ပိုင်းဒေသ မိုင်းပေါက်ရှိ အဲဒိကုမ္ပဏီရဲ့ အခြားမြေရှားသတ္တုတွင်းတစ်ခုသို့ ထပ်မံပြောင်းရွှေ့ခဲ့ကာ ကိုသက်ကတော့ မိုင်းယွန်းသတ္တုတွင်းမှာ နှစ်လကြာ နေခဲ့ရပြီးနောက် နောက်ဆုံးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ကိုသက်ရဲ့ ထွက်ဆိုချက်ဟာ သျှမ်းပြည်နယ်အရှေ့ပိုင်းရှိ သတ္တုတွင်းတွေဟာ ဥပဒေပြင်ပမှာ လုံးဝကင်းလွတ်စွာ လုပ်ကိုင်နေကြတာကို မီးမောင်းထိုးပြနေတယ်လို့ SHRF က ဆိုပါတယ်။
သတ္တုတွင်းအများစုဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်နေပြီး မြန်မာနိုင်ငံအတွင်းနဲ့ နယ်စပ်ဖြတ်ကျော် မြစ်ချောင်းတွေအတွင်းသို့ အန္တရာယ်ရှိတဲ့ ညစ်ညမ်းမှုတွေကို ဖြစ်စေနေတာဟာ လူသိရှင်ကြားဖြစ်နေပြီးသား ဖြစ်ပါတယ်။
အခုအခါ တရုတ်သတ္တုတွင်း လုပ်ငန်းရှင်တွေဟာ တရုတ်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး မြန်မာလူငယ်တွေကို လူကုန်ကူး၍ သတ္တုတွင်း အလုပ်သမားတွေအဖြစ် ကျွန်ပြုနေခြင်းမှာ စည်းမျဉ်းစည်းကမ်းတွေ ပျက်ကွက်နေရုံရုံသာမက ပို၍ ဆိုးတာဟာ သျှမ်းပြည်နယ်ရဲ့ မြေယာနဲ့ သယံဇာတတွေကို ရာဇဝတ်ဂိုဏ်းတွေ နဲ့ ဆက်နွှယ်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထံ လွှဲပြောင်းပေးထားသကဲ့သို့ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်ရပ်ဟာ သျှမ်းပြည်နယ်ရှိ သတ္တုတွင်းတွေကြောင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုဒဏ်ကို ခံစားနေရတဲ့ ဒေသတွင်းနိုင်ငံတွေအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်သင့်တယ်လို့ SHRF က မီးမောင်းထိုးပြထားပါတယ်။
သတ္တုတွင်းတွေကို စည်းကမ်းတကျဖြစ်စေဖို့ မြန်မာစစ်တပ်ကို တောင်းဆိုနေခြင်းမှာ အကျိုးမရှိကြောင်း ပြသနေပြီး အဲဒီပြဿနာကို အဓိပ္ပာယ်ရှိရှိ ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက သတ္တုတွင်းကဏ္ဍမှာ မြေယာနဲ့သယံဇာတ အချုပ်အခြာအာဏာကို ကာကွယ်ပေးပြီး ပြည်သူ့ အကျိုးစီးပွားကို ဦးစားပေးမယ့် ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ အစိုးရရဲ့ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေရန်သာ ဖြစ်တယ်လို့ ဆိုပါတယ်။