မိမိတို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထိန်းချုပ်ဒေသတွေမှာ ဘိန်းပင်တစ်ပင်မှ မရှိတော့ဘူးလို့ TNLA မှ ဒုတိယဥက္ကဋ္ဌ – ၁ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ပြောပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျင်းပချိန် အဖွင့်အမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
“ကျနော်တို့လည်း ဒီမူးယစ်ဆေးဝါး လုံးဝပျောက်သွားတဲ့အထိ မဟုတ်သည့်တိုင်အောင် ကျနော်တို့အပေါ် အလွန်ကြီးမားတဲ့ အန္တရာယ်တွေ မကျရောက်နိုင်တော့ဘူး။ ဒါကိုလည်း ကျနော်အနေနဲ့ ဒီအခမ်းအနားထဲမှာ ကျနော်တောင်းဆိုချင်ပါတယ်။ နောက်တစ်ဆက်တည်း ခုကျနော်တို့ဒေသမှာ ဘိန်းပင်တစ်ပင်မှ မရှိတော့ဘူး။ ကျနော်တို့ PSLF/TNLA အုပ်ချုပ်တဲ့ နယ်မြေမှန်သမျှပေါ့” လို့ ပြောပါတယ်။
လက်ရှိ မိမိအနေဖြင့် စိုးရိမ်ရတဲ့အပိုင်းမှာ ရှိနေပြီး သျှမ်းပြည်တောင်ပိုင်း ပအိုဝ့်ဒေသတို့မှာ ဘိန်းခင်းတွေ အရင်ကထက် ပိုများလာကြောင်း၊ သျှမ်းမြောက် လားရှိုးနယ်တစ်ဝိုက်မှာလည်း လက်နက်ကိုင်ပေါင်းစုံတွေ ဝင်လာတဲ့အတွက် ဘိန်းတွေကို ပြန်စိုက်မှာပဲလို့ ယူဆကြောင်း ပြောပါတယ်။
အလားတူ ကွတ်ခိုင်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံရှိတဲ့အတွက်ကြောင့် တရားဥပဒေစိုးမိုးမှု အရင် အခြေအနေ ပြန်ရောက်မယ့် အနေအထား မရှိတော့ဘူးလို့ ပြောပါတယ်။
လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ ဘိန်းတွေကို ပြန်စိုက်ဖို့ အခုကတည်းက ပြင်ဆင်နေကြပြီဖြစ်ပြီး အဲဒီက ထွက်လာတဲ့ ဘိန်းတွေဟာ မိမိတို့ဆီ ပြန်စိမ့်ဝင်လာမှာပဲ စိုးရိမ်တယ်လို့ ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားက ပြောပါတယ်။
မိမိတို့ TNLA အနေနဲ့ တပ်တည်ထောင်ကတည်းက မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ဆိုကာ ရည်မှန်းချက် ကြီးကြီးမားမားတစ်ခု ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့နယ်ရှိ ဘိန်းစိုက်ခင်းကို TNLA မှ ဖျက်စီးနေစဉ်
၂၀၁၂ – ၂၀၁၃ ခုနစ်ကစပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ကို မိမိတို့ ဖွဲ့စည်းခဲ့ပြီး နှစ်စဉ်နှစ်တိုင်း တိုက်ဖျက်ခြင်း၊ ဖမ်းဆီးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားက ပြောပါတယ်။
“အဲဒီလို လုပ်တဲ့အခါကြတော့ ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင် တော်တော်လေး မူးယစ်ဆေးဝါးက လုံးဝပျောက်တယ်လို့တော့ မဟုတ်ဘူး။ အတော်လေး လူထုကြားမှာ မရှိသလောက်ဖြစ်သွားတယ်။ ၁၀၂၇ လည်းပြီးရော အဓိကဖြစ်တဲ့ TNLA လည်း ၁၀၂၇ စစ်ဆင်ရေးမှာ အာရုံစိုက်တဲ့အချိန်မှာ ဒီတစ်ဖက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့နေရာမှာ အားလျော့တဲ့အပိုင်း ရှိလာတယ်။ အားလျော့လာတော့ မူးယစ်ဆေးဝါးက ပြန်ပြီး နလန်ထလာတယ်” လို့ ပြောပါတယ်။
လက်ရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဆေးစစ်တဲ့ကိရိယာတွေကို တရုတ်ထံ အကူအညီ တောင်းထားကြောင်း၊ တရုတ်အနေဖြင့်လည်း ၃/၄ ကြိမ်ခန့် အကူအညီပေးခဲ့တယ်လို့ ဆိုပါတယ်။
TNLA အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကို အားစိုက်ပြီး ဘယ်လောက်ပဲ လုပ်ဆောင်နေပါစေ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင် မအောင်မြင်နိုင်ကြောင်း၊ ဒါကြောင့် လူထုတွေအနေနဲ့ မိမိတို့နဲ့ ပူးပေါင်းပြီး မိမိတို့ဒေသမှာ မူးယစ်ဆေးဝါးကင်းစင်အောင် လုပ်ဆောင်ကြဖို့ ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားက ပြောပါတယ်။