Home » ဟုမ္မလင်းမှာ အင်းလေလံအငြင်းပွားမှုကြောင့် ဒေသခံတောင်သူနဲ့ ရေလုပ်သားတွေ ဝမ်းစာရေး အခက်ကြုံနေ

ဟုမ္မလင်းမှာ အင်းလေလံအငြင်းပွားမှုကြောင့် ဒေသခံတောင်သူနဲ့ ရေလုပ်သားတွေ ဝမ်းစာရေး အခက်ကြုံနေ

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ သဝန်အင်း နဲ့ နမ့်ကပေါ့အင်းတို့ကို (၃) နှစ်သက်တမ်း ကြေးဒိုင်ချထားပေးမှုအပေါ် ဒေသခံတွေက ကန့်ကွက်နေကြသော်လည်း စစ်ဆေးမှုတွေ မပြီးပြတ်မီ ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားတာကြောင့် ဒေသခံမိသားစုတွေ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေရကြောင်း သတင်းရရှိပါတယ်။

အရင်နှစ်တွေက အဲဒီအင်းတွေမှာ တန်ခူးလဆန်း (၃) ရက်နေ့မှစ၍ နယုန်လဆန်းပိုင်း နောက်လေလံရှင်အသစ်သို့ မပြောင်းလဲမီကာလအထိ ဒေသခံမိသားစုတိုင်း ဝမ်းစာအတွက် လွတ်လပ်စွာ ငါးဖမ်းဆီးရှာဖွေခွင့် ရရှိခဲ့ကြပါတယ်။ သို့သော်လည်း အခုနှစ်မှာ အဆိုပါ အင်းတွေကို ဦးမျိုးနိုင်အား (၃) နှစ်သက်တမ်း ကြေးဒိုင်ချထားပေးဖို့ အစိုးရမှ ဆုံးဖြတ်ခဲ့ခြင်းအပေါ် ဒေသခံတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။

အင်းလေလံချထားပေးမှုကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဒေသခံတွေရဲ့ အသနားခံ တင်ပြမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြန်လည်စစ်ဆေးဖို့ ညွှန်ကြားခဲ့ပြီး အဲဒီညွှန်ကြားချက်အရ ဟုမ္မလင်းမြို့နယ် အင်းစစ်ဆေးရေးအဖွဲ့မှ လက်ရှိမှာ ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

သို့သော်လည်း စစ်ဆေးမှုတွေ မပြီးပြတ်သေးတဲ့ ကာလအတွင်းမှာ ငါးလုပ်ငန်းဦးစီးဌာနမှ “အင်းလေလံရရှိသူ ဦးမျိုးနိုင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ငါးဖမ်းဆီးခြင်း မပြုဖို့” စာထုတ်ပြန်၍ တားမြစ်ခဲ့ပါတယ်။

အဆိုပါ တားမြစ်ချက်ကြောင့် နှစ်စဉ် ဝမ်းစာအတွက် ငါးဖမ်းဆီးခွင့် ရရှိခဲ့တဲ့ ဒေသခံတောင်သူတွေ နဲ့ ရေလုပ်သားတွေဟာ အခုနှစ်မှာ ငါးဖမ်းဆီးခွင့် မရတော့ဘဲ မိသားစု စားဝတ်နေရေးအတွက် တိုက်ရိုက် ထိခိုက်နေကြတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “စစ်ဆေးရေးအဖွဲ့တွေ စစ်နေတုန်းမှာပဲ ငါးဖမ်းခွင့် ပိတ်လိုက်တာဟာ ဒေသခံတွေရဲ့ ဝမ်းစာရေးကို လျစ်လျူရှုရာ ရောက်ပါတယ်။ နှစ်စဉ်ရနေတဲ့ အခွင့်အရေး ဆုံးရှုံးသွားတဲ့အတွက် မိသားစုတွေ အများကြီး အခက်တွေ့နေရတယ်” လို့ ပြောပါတယ်။

ဦးမျိုးနိုင်ဟာ စစ်ကိုင်းတိုင်းဒေသကြီးရေချို ငါးလုပ်ငန်း ဥပဒေပုဒ်မ ၃ပါ ပြဌာန်းချက်တွေကို ဆန့်ကျင်ပြီး ၎င်းကိုယ်ကျိုးအတွက်သာ ဦးတည်၍ ဒေသခံရေလုပ်သားတွေကို ဈေးနှုန်းမြင့်မားစွာနဲ့ ရောင်းချနေတယ်လို့လည်း သိရပါတယ်။

၂၀၂၅-၂၀၂၆ဏ္ဍာ‌‌ရေးနှစ်က ဒိုင်းလမိုင်းအင်းကို ကျပ်သိန်း ၅၅၀ ဖြင့် ဈေးမြင့်တင်ရောင်းချခဲ့ပြီး အခု ၂၀၂၆-၂၀၂၇ ဏ္ဍာရေးနှစ်မှာ ကျပ်သိန်း ၉၂၀ ဖြင့် ရောင်းချနေကြောင်း၊ ထုံပေါ်ကျော်အင်းကို ၂၀၂၅-၂၀၂၆ဏ္ဍာ‌‌ရေးနှစ်က ကျပ်သိန်း ၂၆၀ ဖြင့်ရောင်းချခဲ့ပြီး ၂၀၂၆-၂၀၂၇ ဏ္ဍာရေးနှစ်မှာ ကျပ်သိန်း ၃၅၀ ဖြင့် ရောင်းချနေကြောင်း သိရပါတယ်။

အလားတူ ဝဲရှစ်ထောင့်အင်း၊ ကြာအင်းကြီးသေးအင်း၊ အုပ်စင်ကြီးသေးအင်း၊ နောင်ဆာအင်း၊ ကံပွင့်သာအင်း၊ ကသည်းချောင်းအင်း၊ ဗေဒါအင်း၊ ကျွန်းကြီးအင်း၊ ကျွန်းကမာအင်း စတဲ အင်းတွေကိုလည်း အဆမတန်ဈေးနှုန်းဖြင့် ရောင်းချနေပြီး အဆိုပါ အင်းတွေဟာ ပြဿနာဖြစ်ပွားနေတဲ့ သဝန်အင်းလက်ခွဲတွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒေသခံတွေဟာ အင်းလေလံချထားပေးမှုအပေါ် တရားမျှတစွာ ပြန်လည်စိစစ်ပေးဖို့ နဲ့ ၎င်းတို့ရဲ့ ရိုးရာဝမ်းစာ ရှာဖွေခွင့်ကို ပြန်လည်ရရှိဖို့ မျှော်လင့်လျက်ရှိကြောင်း သိရှိရပါတယ်။

related posts

Leave a Comment