လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပြီး ရခိုင်တစ်မျိုးသားလုံးရဲ့ ရည်မှန်းချက်မှာ ရာနှုန်းပြည်အောင်မြင်ဖို့ လက်တကမ်းအလို ရောက်ရှိနေပြီလို့ အာရက္ခတပ်တော် (AA) ထုတ်ပြန်လာပါတယ်။
အဲဒီလို အောင်မြင်မှုတွေ ရရှိလာတာဟာ AA စစ်သည်တို့ရဲ့ အသက်၊ ဘဝ၊ ခန္ဓာ၊ သွေး၊ ချွေးပေါင်းများစွာကို နေ့တိုင်း စွန့်လွှတ် အနစ်နာခံမှု၊ ပေးဆပ်တိုက်ပွဲဝင်ပြီး အောင်ပွဲတွေ ရယူပေးနိုင်ခြင်းရဲ့ အကျိုးရလဒ်ဖြစ်ပြီး ထိုနည်းတူစွာ ရခိုင်ပြည်သူတို့ရဲ့ တာဝန်ကျေပွန်မှုကြောင့်လည်း ဖြစ်တယ်လို့ မေလ ၂၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာလည်း မပြီးပြတ်သေးတဲ့ တော်လှန်ရေးကြီး အလုံးစုံပြည့်ဝ အောင်မြင်မှုရရှိရေးအတွက်လည်း AA စစ်သည်တွေဟာ ရှေ့တန်းမှာ ရန်သူတွေနဲ့ အပြင်းအထန် ဆက်လက်ရင်ဆိုင် တိုက်ပွဲဝင်နေရတယ်လို့ ဆိုပါတယ်။
ရန်သူဟာလည်း ရခိုင်ပြည်သူလူထုတွေ နေထိုင်ရာ မြို့ရွာတွေကို လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေကို အရင်ကထက် ပိုမိုလုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။
စစ်မြေပြင်မှာ ရန်သူနဲ့ တိုက်ပွဲတွေ ရင်ဆိုင်နေရပြီး တဖက်မှာလည်း နိုင်ငံတကာဖိအားတွေ သက်ရောက်စေဖို့ အားထုတ်ကြိုးပမ်းနေတဲ့ အစုအဖွဲ့တွေ၊ အမျိုးသားသစ္စာဖောက်အချို့ရဲ့ တကိုယ်တော် တိုက်ခိုက်ဆောင်ရွက်မှုတွေလည်း ဘက်စုံထောင့်စုံမှ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။