Home » ဗန်းမောက်စစ်ရှောင်တွေကို ချင်းတွင်းဧရာအင်စတီကျုမှ ဆေးဝါးအကူအညီ ပေးအပ်

ဗန်းမောက်စစ်ရှောင်တွေကို ချင်းတွင်းဧရာအင်စတီကျုမှ ဆေးဝါးအကူအညီ ပေးအပ်

by Homeland Author

ဗန်းမောက်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် စက်တင်ဘာလက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ရှမ်းနီ၊ ကတူး၊ ကနန်းနဲ့ ဗမာတိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူတွေကို ချင်းတွင်းဧရာအင်စတီကျုက ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ကျန်းမာရေးဆိုင်ရာ ဆေးဝါးအကူအညီတွေ ပေးအပ်ခဲ့တယ်လို့ ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာပြီး ခက်ခက်ခဲခဲ နေထိုင်နေကြရသလို စားနပ်ရိက္ခာနဲ့ ကျန်းမာရေးပိုင်းမှာလည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ချင်းတွင်းဧရာအင်စတီကျုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အရင်ဆုံး စုဆောင်းခဲ့ပြီး ပြည်တွင်း၊ ပြည်ပက အဖွဲ့အစည်းတွေဆီက အကူအညီတွေ ရရှိနိုင်အောင်လည်း ချိတ်ဆက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု ရရှိခဲ့ပြီး မင်းကုန်းရွာ၊ စက်တောရွာနဲ့ လွယ်စန့်လုံဆင်စခန်းတို့ရှိ စစ်ဘေးရှောင်စခန်းတို့မှာ နေထိုင်နေတဲ့ အိမ်ထောင်စု ၅၀ စု၊ လူဦးရေ ၃၀၀ ကို ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ကျန်းမာရေးဆိုင်ရာ ဆေးဝါးအကူအညီတွေ ပေးအပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်း အမျိုးအစား ၄၁ မျိုး၊ စုစုပေါင်း ပစ္စည်းအရေအတွက် ၂၀၀ ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အခုလို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့ ဝိုင်းဝန်းကူညီပေးခဲ့တဲ့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မြေပြင်မှာ ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့ ဗန်းမောက်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီကိုလည်း ချင်းတွင်းဧရာအင်စတီကျုက အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။

ချင်းတွင်းဧရာအင်စတီကျုဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကလည်း ဗန်းမောက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

အလားတူ ၂၀၂၆ ခုနှစ် မေလ ၁၁ ရက်မှာလည်း ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကသာတိုက်ပွဲတွေကြောင့် မိုးညှင်းမြို့ကို တိမ်းရှောင်လာတဲ့ ကသာမြို့က စစ်ဘေးရှောင် အိမ်ထောင်စု ၃၂၃ စု၊ လူဦးရေ ၁,၁၀၀ ကျော်ကို စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment