အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာကို မနေ့က ဩဂုတ်လ ၂၄ ရက်၊ မနက် ၁၁ နာရီကျော်လောက်မှာ စစ်တပ်ဘက်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဗုံးကြဲခံရမှုကြောင့် စိမ်းညှင်းဝကျေးရွာက ဘုန်းကြီးကျောင်းနဲ့ ရွာထဲကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ဘုန်းကြီးကျောင်းမှာ ပညာသင်နေတဲ့ မူလတန်းကျောင်းသား ၁ ဦးနဲ့ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသက် ၁၀ နှစ်အောက် မူလတန်းကလေး ၈ ဦး အပါအဝင် စုစုပေါင်း အရပ်သား ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်ဒဏ်ရာရထားတဲ့ မူလတန်းကျောင်းသားတွေအပါအဝင် ၆ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ခြေ ရှိနေလို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စိမ်းညှင်းဝရွာက လူနေအိမ် ၁၇ လုံးနဲ့ ဘုန်းကြီးကျောင်းဆောင်အချို့လည်း ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေကလည်း ပလက်ဝနဲ့ ဆမီးမြို့တွေကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံတွေ သေဆုံး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါသေးတယ်။
ချင်းပြည်နယ်က စစ်ရေးအရ အရေးပါတဲ့ ပလက်ဝဒေသတစ်ခုလုံးကိုတော့ အာရက္ခတပ်တော် (AA) ဘက်က လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။