ရှမ်း၊ တအာင်း(ပလောင်) နဲ့ မြန်မာဘာသာစကားတွေနဲ့ ရေးသားထားတဲ့ အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်တွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က တစ်ဖက်သတ်ဖြုတ်ချပြီး တရုတ်စာနဲ့ အစားထိုးတာဟာ မဟာမိတ်တွေအကြား ယုံကြည်မှုကို ထိခိုက်စေတယ်လို့ ရှမ်းအဖွဲ့အစည်းတွေက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ လူမျိုးစုတွေ အတူယှဉ်တွဲနေထိုင်ရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး MNDAA ထံ ရှမ်းအဖွဲ့အစည်း ၈ ဖွဲ့က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသမှာ စစ်ရေးအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် MNDAA ဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ကြတဲ့ သိန္နီ၊ ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်တွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်လာတယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
MNDAA ဟာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ပြည်သူလူထု လွတ်မြောက်ရေးဆိုတဲ့ တော်လှန်ရေးရည်မှန်းချက်တွေကြောင့် မြန်မာပြည်သူလူထုရဲ့ ထောက်ခံမှုကို ရရှိခဲ့ပေမဲ့ လက်ရှိမြေပြင်အုပ်ချုပ်ရေးဟာ မူလရည်မှန်းချက်တွေနဲ့ သွေဖည်နေပြီး ဒေသခံပြည်သူတွေကြား စိုးရိမ်မှုတွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ရှမ်း၊ တအာင်း(ပလောင်) နဲ့ မြန်မာဘာသာစကားတွေနဲ့ ရေးသားထားတဲ့ အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်တွေကို တစ်ဖက်သတ်ဖြုတ်ချပြီး တရုတ်စာနဲ့ အစားထိုးတာ၊ ရှမ်းစော်ဘွားတွေရဲ့ သမိုင်းဝင်နန်းတော်ဟောင်း တည်ရှိရာ သိန္နီမြို့အပါအဝင် သမိုင်းအမွေအနှစ်၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အထွတ်အမြတ်နေရာတွေကို ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းတာ၊ မူလအသွင်အပြင် ပြောင်းလဲပစ်တာတွေကို ဝေဖန်ထားပါတယ်။
ဒါ့အပြင် ဒေသခံတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပြင်ပအုပ်ချုပ်ရေးပုံစံတွေ၊ ငွေကြေးသုံးစွဲမှုနဲ့ စည်ပင်သာယာရေးစည်းမျဉ်းတွေကို အတင်းအကျပ် ကျင့်သုံးစေတာဟာ မဟာဗျူဟာအရ ကြီးမားတဲ့ အမှားတစ်ခုဖြစ်တယ်လို့ ရှမ်းအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။
အဲဒီလို လုပ်ဆောင်မှုတွေဟာ အုပ်ချုပ်ရေးကို ခိုင်မာစေမှာမဟုတ်ဘဲ မဟာမိတ်တွေအကြား ယုံကြည်မှုကိုသာ ပျက်စီးစေလိမ့်မယ်လို့လည်း ဆိုပါတယ်။

ကိုးကန့်တပ် (MNDAA) ခေါင်းဆောင်နဲ့ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
သိန္နီမြို့ဟာ ရှမ်းစော်ဘွားတွေရဲ့ သမိုင်းဝင်အမွေအနှစ်တွေနဲ့ ရှမ်းလူမျိုးတို့ရဲ့ အမျိုးသားဂုဏ်သိက္ခာ နက်ရှိုင်းစွာ ကိန်းအောင်းနေတဲ့ အချက်အချာဒေသဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
အဲဒီအမွေအနှစ်တွေကို လျစ်လျူရှုတာဟာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရှမ်းပြည်သူလူထုအကြား တင်းမာမှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ သတိပေးထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့အဖြစ် အတူတိုက်ပွဲဝင်ခဲ့ကြပေမဲ့ ကွတ်ခိုင်မြို့လို လူမျိုးစုံ အတူယှဉ်တွဲနေထိုင်တဲ့ ဒေသတွေမှာ တစ်ဖက်သတ်အုပ်ချုပ်ရေးနဲ့ တရုတ်စာဆိုင်းဘုတ်တွေ တပ်ဆင်မှုကြောင့် မဟာမိတ်တပ်ဖွဲ့တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
မဟာမိတ်တွေရဲ့ အခွင့်အရေးနဲ့ ယဉ်ကျေးမှုကို လေးစားမှုမရှိဘဲ ဗိုလ်ကျစိုးမိုးတဲ့ အုပ်ချုပ်ရေးပုံစံကို ဆက်လက်ကျင့်သုံးမယ်ဆိုရင် MNDAA ဟာ စစ်ရေးနဲ့ နိုင်ငံရေးနှစ်ရပ်စလုံးမှာ အထီးကျန်လာနိုင်တယ်လို့ ရှမ်းအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။
ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းမှာ တစ်ဖက်သတ် ယဉ်ကျေးမှုလွှမ်းမိုးရေး လမ်းစဉ်ကို ဆက်လက်ကျင့်သုံးပါက တိုင်းရင်းသားအချင်းချင်း ပဋိပက္ခနဲ့ ခုခံတွန်းလှန်မှုတွေ ပေါ်ပေါက်လာနိုင်သလို တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်ပြဿနာတွေကို ထိန်းချုပ်ဖို့ ဖိအားပေးလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒေသခံတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ စာပေနဲ့ အခွင့်အရေးတွေကို လေးစားအသိအမှတ်ပြုပြီး အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ်မူဝါဒကို ကျင့်သုံးဖို့ ရှမ်းအဖွဲ့အစည်း ၈ ဖွဲ့က တိုက်တွန်းထားပါတယ်။ အဲဒီလို ကျင့်သုံးခြင်းဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေးအတွက်သာမက MNDAA ရဲ့ ရေရှည်ရပ်တည်ရေးနဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းရေးအတွက်ပါ မှန်ကန်တဲ့လမ်းစဉ်ဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာမှာ အကြံပြုထားပါတယ်။