စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်ကို ဒီကနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့မှာ ကျင်းပနေတယ်လို့ သိရပါတယ်။
အဲဒီ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်ကို မံအင်မင်းကုန်းအုပ်စု၊ အရှေးကုန်းရွာရိုးရာကွင်းမှာ တတိယအကြိမ်မြောက် ကျင်းပပြုလုပ်နေတာဖြစ်ပြီး မံစီကြီးဒေသစိတ် ကျောက်တန်း၊ အရှေ့ကုန်း၊ သရက်ကုန်း၊ လွင်ကြီး၊ ဝေသုခီ ကျေးရွာ ၅ ရွာမှ ကဒူးတိုင်းရင်းသားတွေ စုပေါင်း ကျင်းပကြတာပဲ ဖြစ်ပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေအတွင်း ကျင်းပတဲ့ ပွဲတော်ကို SNA မှ တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ကြသလို ရှမ်းနီလူမျိုးတွေလည်း တက်ရောက်ကြတာ တွေ့ရပါတယ်။
SNA က ၎င်းတို့ ထိန်းချုပ်ဒေသတွေမှာ လူနည်းစုတွေရဲ့ ရိုးရာ၊ ဓလေ့၊ ပွဲတော်တွေကို ကန့်သတ် ပိတ်ပင်ခြင်း မရှိဘဲ လွတ်လပ်စွာ ကျင်းပခွင့် ပြုထားသလို ကူညီထောက်ပံ့မှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြားထားပါတယ်။











