ကယားပြည်နယ် (ကရင်နီ) လွိုင်ကော်မြို့ လွိုင်ကော်အကျဉ်းထောင်က အကျင့်ပျက် ထောင်ဝန်ထမ်းဟာ စစ်ဘေးရှောင် ပြည်သူလူထုရဲ့ နေအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေကို ခိုးယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီဝန်ထမ်းနာမည်က လိန်တုန်းနှုန်း (ခ) လိပ်ကြီး လို့ ခေါ်ပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတစ်ယောက်ပါ။ ကျနော်တို့ လွိုင်ကော်က စစ်ဖြစ်ထားတဲ့ မြို့ပါ။ အကျဉ်းထောင်က ဒေါဥခူရပ်ကွက်မှာ ရှိပါတယ်။ ဒေါဥခူရပ်ကွက်က စစ်ပွဲ စပြီးဖြစ်တဲ့ ရပ်ကွက်ပါ။ စစ်ဖြစ်တော့ ပြည်သူအားလုံး စစ်ရှောင်ကြရပါတယ်။ ရပ်ကွက်ထဲက ပြည်သူတွေ စစ်ရှောင်သွားကြတော့ နောက်ပိုင်းမှာ ကျန်ခဲ့တဲ့အိမ်တွေက ပစ္စည်းတွေကို ခိုးယူကြပါတယ်။ အဲဒီထဲမှာ အဆိုးဆုံးကတော့ အခုပြောထားတဲ့ ထောင်ဝန်ထမ်းပါပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ထောင်ဝန်ထမ်းဟာ မူးယစ်ဆေးဝါး သုံးစွဲသူတစ်ယောက် ဖြစ်သလို အကျဉ်းထောင်ပတ်ဝန်းကျင်မှာ ပြည်သူတွေကို ပြန်လည်နေထိုင်ခွင့် မပြုသေးတာကြောင့် ဒီကိစ္စကို အခွင့်ကောင်းယူပြီး ပစ္စည်းတွေ ခိုးယူနေတာလို့ သိရပါတယ်။
“တံခါးတွေ၊ မီးကြိုးတွေ ရှိတဲ့ပစ္စည်း အကုန်ခိုးပါတယ်။ အိမ်ရှင်တွေက ခွင့်ပြုမိန့်တောင်းပြီး ကိုယ့်အိမ်ကို ပြန်ကြည့်တဲ့အခါ ဘာမှမကျန်တော့ပါဘူး။ တချို့အိမ်ရှင်တွေက အဲဒီခိုးယူနေတဲ့ ထောင်ဝန်ထမ်းကို တွေ့ပါတယ်။ ပေါ်တင်ခိုးယူနေတာကို တွေ့တာပါ။ ဒါပေမဲ့ မပြောရဲကြပါဘူး။ အဲဒီထောင်ဝန်ထမ်းက ‘ပြောတဲ့လူ ငါနဲ့တွေ့မယ်၊ အိမ်ကို မီးရှို့ပစ်မယ်’ လို့ ခြိမ်းခြောက်ပါတယ်။ အိမ်ရှင်ပြည်သူတွေကလည်း ကြောက်တော့ မပြောရဲကြပါဘူး” လို့ ဆက်လက်ပြောပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ အဆိုပါ အကျင့်ပျက်ထောင်ဝန်ထမ်းကြောင့် ပြည်သူလူထုမှာ ထိခိုက်နစ်နာမှုတွေနဲ့ ကြုံတွေ့နေကြရပြီး ခြိမ်းခြောက်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ ဘယ်သူ့ကိုမှ မတိုင်ရဲကြဘူးလို့ ဆိုပါတယ်။
ဒါကြောင့် မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ အဆိုပါ အကျင့်ပျက်ထောင်ဝန်ထမ်းကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ထိရောက်စွာ အရေးယူဆောင်ရွက်ပေးစေချင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။