Home » ရှမ်းနီ PDF ဖွဲ့စည်းမှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ စိုင်းအောင် ဘယ်ရောက်နေပြီလဲ

ရှမ်းနီ PDF ဖွဲ့စည်းမှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ စိုင်းအောင် ဘယ်ရောက်နေပြီလဲ

by Homeland Author

ရှမ်းနီ PDF ဖွဲ့စည်းမယ်ဆိုတဲ့ ကိစ္စကြောင့် HPDF-124 တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်တဲ့ စိုင်းအောင် နဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင် ၂၀ ကျော်ကို ဟုမ္မလင်းမြို့နယ် ပကဖ တွေက အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က ဟုမ္မလင်းမြို့နယ် – ဖောင်းပြင်နယ်စပ်က နမ့်နန်းစျေးတန်းမှာရှိတဲ့ စိုင်းအောင်ရဲ့ အမျိုးသမီးဖြစ်သူ နေအိမ်ကို ရောက်ရှိနေချိန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပကဖ၊ ပအဖ နဲ့ ခန္တီးခရိုင်တပ်ရင်း စုစုပေါင်း အင်အား ၂၀၀ နဲ့ ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။

စိုင်းအောင်ကို ဖမ်းဆီးချိန် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပြီးနောက် HPDF-124 တပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စိုင်းအောင်နဲ့အတူ ဖမ်းဆီးခံရတဲ့ တပ်ဖွဲ့ဝင်အားလုံးကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ထိန်းချုပ်ဒေသ ကချင်ပြည်နယ်ဘက် ပို့လိုက်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စိုင်းအောင် နဲ့ ဆက်စပ်သူတွေအပြင် PDF ထဲ ရောက်နေတဲ့ ဟုမ္မလင်းမြို့နယ် မြင်သာဒေသခံတွေကိုလည်း လိုက်လံဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

“အခုကတော့ ကိုစိုင်းအောင်သတင်းက ဘာမှကို မကြားရတော့တာ ၁ နှစ်တောင်ကျော်ပြီ။ သေသွားသလား၊ သက်ရှိထင်ရှားရှိနေတုန်းလားဆိုတာလည်း မပြောတတ်တော့ဘူး” လို့ မြင်သာဒေသခံတစ်ဦးက ပြောပါတယ်။

ခန္တီးခရိုင် တပ်ရင်း ၃ မှ တပ်ဖွဲ့ဝင်များ

အဆိုပါ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးနောက် ခန္တီးခရိုင် တပ်ရင်း ၃ မှ ထွက်ပြေးတိမ်းရှောင်နေတဲ့ “တပ်ပြေး နဲ့ ခွင့်လွန်” ရဲဘော်တွေ အနေဖြင့် တပ်ရင်းရုံးသို့ လာရောက်အသိပေးရန်နှင့် သတင်းပို့ခြင်း မရှိပါက တပ်ပြေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ HPDF-124 က ၂၀၂၅ စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာလည်း ဟုမ္မလင်းမြို့နယ်၊ နမ့်နန်းကျေးရွာမှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) ပူးပေါင်းအဖွဲ့တို့က အရပ်သားပြည်သူတွေကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေတဲ့ လူမျိုးစုကိုယ်စားပြု နာဂ PDF၊ လီဆူ PDF၊ ကူကီး PDF၊ ကတူး PDF စသဖြင့် ဖွဲ့စည်း လှုပ်ရှားနေသော်လည်း ရှမ်းနီ PDF ဖွဲ့စည်းမှုကို လက်မခံတာဟာ ဘာကြောင့်လဲဆိုတာ ရှမ်းနီတွေက မေးခွန်းထုတ်နေကြပါတယ်။

ရှမ်းနီ PDF ဖွဲ့စည်းမယ့်ကိစ္စကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ စိုင်းအောင်

related posts

Leave a Comment