Home » ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဦးမင်းအောင်လှိုင် တွေ့ဆုံ၍ နှစ်နိုင်ငံအရေး ဆွေးနွေး

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဦးမင်းအောင်လှိုင် တွေ့ဆုံ၍ နှစ်နိုင်ငံအရေး ဆွေးနွေး

by Homeland Author

နေပြည်တော်သို့ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဟာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး မြန်မာပြည်တွင်း ငြိမ်းချမ်းရေးကို ကူညီပေးမယ့် ကိစ္စအပါအဝင် နှစ်နိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက်က တွေ့ဆုံဆွေးနွေးမှုမှာ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့အတွက် အရေးကြီးတဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း အာဆီယံအဖွဲ့ဟာ အရေးကြီးကြောင်း စတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံနဲ့ နိုင်ငံတကာရှိ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေကို ထိခိုက်ပျက်စီးစေလျက်ရှိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေ တိုက်ဖျက်ရေးလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူကာ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ ပူးပေါင်းပြီး အရှိန်အဟုန်နဲ့ ထိရောက်ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြစ်ချောင်းတွေတစ်လျှောက် ရေကြီးရေလျှံမှုတွေ မဖြစ်ပေါ်စေရေးနဲ့ မြစ်ရေတွေ ညစ်ညမ်းမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ကုန်သွယ်မှုတွေ ပိုမိုတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမယ့် အခြေအနေတွေ၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြှင့်တင်သွားနိုင်မယ့် အခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ထို့အတူ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး ၎င်းတို့ရဲ့ ဘေးကင်းလုံခြုံရေး၊ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိစေရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကလည်း ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနူထင်ရဲ့ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံကို နှစ်ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) နဲ့ သဘောတူညီချက် စုစုပေါင်း ၄ ခုကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါတယ်။

related posts

Leave a Comment