ကယန်းပြည်သစ်ပါတီ (KNLP) ထိန်းချုပ်ရာ ကယန်းဒေသအတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်း (CSOs) တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ခွင့်ပြုမှာ မဟုတ်ကြောင်း KNLP က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ကယန်းဒေသ တည်ငြိမ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် CSOs တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုအားလုံးဟာ KNLP က တာဝန်ပေးအပ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ကယန်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ရဲ့ စစ်ဆေးကြပ်မတ်မှုကို ခံယူရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ် ရပ်တည်သူတွေနဲ့ မြန်မာစစ်တပ်တို့အကြား နိုင်ငံရေးအားပြိုင်မှုတွေကြောင့် ပြည်သူတစ်ရပ်လုံး မြေဇာပင်ဖြစ်ခဲ့ရတယ်လို့ KNLP က ဆိုပါတယ်။
ထို့အပြင် CSOs၊ DSAs နဲ့ CDMs အချို့ဟာ အပြန်အလှန်မှီခိုပြီး တိုင်းပြည်ရဲ့ အနာဂတ်ကို ပြောင်းလဲနိုင်မယ်လို့ ပြောဆိုကာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EROs) တွေကို သူတို့ရဲ့ ဦးဆောင်မှုအောက် ရောက်ရှိစေဖို့နဲ့ EROs တွေ ထိန်းချုပ်တဲ့ နယ်မြေတွေကိုလည်း သူတို့ရဲ့ အစီအမံအောက် ရောက်ရှိစေဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပါတယ်။
အဆိုပါအဖွဲ့တွေဟာ နွေဦးတော်လှန်ရေး ပြည်သူတွေကို အားပေးထောက်ခံကြောင်း ပြသခဲ့ပေမဲ့ တစ်ပြည်လုံးအတွက် ခိုင်မာမှန်ကန်တဲ့ နိုင်ငံရေးဦးဆောင်မှု မဟုတ်ဘူးလို့ KNLP က ဝေဖန်ထားပါတယ်။ ကိုယ်ကျိုးရှာတဲ့ ခေါင်းဆောင်မှုအောက်မှာ ပြည်သူတွေ ရေရှည်လိုက်ပါနိုင်မှာ မဟုတ်ဘဲ အချိန်တစ်ခုအတွင်း အဆုံးသတ်သွားမယ်လို့လည်း ဆိုပါတယ်။
လက်ရှိအခြေအနေအရ KNLP က တာဝန်ပေးအပ်ထားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ကယန်းဒေသအတွင်း CSOs လုပ်ငန်းတွေကို အကောင်အထည်ဖော်ခွင့် ပြုမှာမဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ထပ်မံဖော်ပြထားပါတယ်။
ထို့အပြင် ကယန်းဒေသ တည်ငြိမ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ သတင်းတု၊ သတင်းမှားနဲ့ မဟုတ်မမှန် ဝါဒဖြန့်ချိမှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ဓားမြမှုတွေ မကြာခဏ ဖြစ်ပွားလာနေကြောင်း KNLP က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်းကလည်း KNLP အုပ်ချုပ်ရေးနယ်မြေအတွင်း အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ အခြားကိစ္စရပ်တွေမှာ မည်သည့်အဖွဲ့အစည်းကမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် တားမြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။