Home » အင်အား ၁၀၀၀ ကျော်ပါတဲ့ စစ်သင်တန်းဆင်းပွဲ SSPP ကျင်းပ

အင်အား ၁၀၀၀ ကျော်ပါတဲ့ စစ်သင်တန်းဆင်းပွဲ SSPP ကျင်းပ

by Homeland Author

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဗဟိုဌာနချုပ် ဝမ်ဟိုင်းမှာ အင်အား ၁၀၀၀ ကျော်ပါဝင်တဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို ကျင်းပခဲ့တယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီသင်တန်းဆင်းပွဲကို မနေ့က နိုဝင်ဘာ ၃ ရက် မနက် ၈ နာရီမှာ SSPP/SSA ဗဟိုဌာနချုပ်ရဲ့ ဦးဆောင်မှုနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ အခမ်းအနားကို ဗဟိုကော်မတီဝင်တွေ၊ ဗဟိုစစ်သင်တန်းကျောင်း စီမံအုပ်ချုပ်ရေးကော်မတီဝင်တွေနဲ့ သင်တန်းသားတွေ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ SSPP ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စဝ်ပန်ဖက ပါတီရဲ့ သမိုင်းကြောင်းကို ရှင်းပြခဲ့ပြီး လက်တွေ့လုပ်ငန်းခွင်မှာ အားလုံး ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားရေးဆိုင်ရာ အသိပညာဗဟုသုတတွေနဲ့ ပတ်သက်ပြီးလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

သျှမ်းမြောက်ဒေသရှိ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါနဲ့ နမ္မတူမြို့နယ်တွေက SSPP နယ်မြေခံတပ်ဖွဲ့ဝင် ၄၀၀၀ ကျော်နဲ့ ဗဟိုဌာနချုပ်က ထိပ်ပိုင်းခေါင်းဆောင်တို့ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိ တစ်လတာကာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

သျှမ်းမြောက်ဒေသခံ တိုင်းရင်းသားတွေရဲ့ သမိုင်းဝင်ယဉ်ကျေးမှုလက္ခဏာတွေနဲ့ မြို့ရွာအမည်တွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က အဓမ္မဖျက်ဆီးနေတယ်လို့ဆိုပြီး ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က ပြင်းထန်စွာ ကန့်ကွက်ခဲ့ပါတယ်။

အဲဒီနောက် MNDAA ကလည်း သျှမ်းပြည်မြောက်ပိုင်းက ဒေသခံတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိကြောင်း ငြင်းဆိုခဲ့ပြီး SSJAC ကို ပြင်းထန်တဲ့ ကန့်ကွက်သတိပေးစာ ပြန်ပို့ခဲ့ပါတယ်။ ဒါ့အပြင် ဖြစ်လာမယ့် အကျိုးဆက်အားလုံးကို SSJAC က တာဝန်ခံရမယ်လို့ တုံ့ပြန်ထားပါတယ်။

ဒေသခံတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲငြင်းဆိုမှုတွေရှိနေတဲ့ MNDAA နဲ့ SSJAC တို့အကြား ဆက်ဆံရေးတင်းမာနေချိန်မှာပဲ SSJAC အဖွဲ့ဝင်ဖြစ်တဲ့ SSPP က အင်အား ၁၀၀၀ ကျော်ပါဝင်တဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

related posts

Leave a Comment