ဒေသအတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည် သတ်မှတ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ ဦးမင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
အမည်နာမအရ သတ်မှတ်ထားတဲ့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာရှိပြီး ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိတယ်လို့ ဦးမင်းအောင်လှိုင်က ရည်ညွှန်းပြောဆိုခဲ့တာပါ။
ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေးထားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ဒါကြောင့် ဒေသအတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည် သတ်မှတ်ရေးနဲ့ပတ်သက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး အားလုံးဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့ ကချင်ပြည်နယ်ကို အမည်ပြောင်းလဲမယ်ဆိုရင် လက်ခံမှာမဟုတ်ဘူးလို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။