အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၆ ဦးကို စစ်သုံ့ပန်းစာရင်းကနေ ပယ်ဖျက်ပြီး PDF အဖြစ် ခံယူခွင့်ပြုလိုက်တယ်လို့ အောက်တိုဘာ ၁၉ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
PDF အဖြစ် ခံယူခွင့်ရရှိသူ ၁၆ ဦးဟာ ပေးအပ်ထားတဲ့ တာဝန်တွေကို သစ္စာရှိရှိနဲ့ ကျေပွန်စွာ ထမ်းဆောင်ခဲ့တာ၊ တော်လှန်ရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တာနဲ့ စစ်ရာဇဝတ်မှု ကင်းရှင်းတာတွေကြောင့် အခုလို ခွင့်ပြုလိုက်တာဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူတို့ဟာ အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ထိန်းသိမ်းခံထားရသူတွေဖြစ်ပြီး တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သလို PDF အဖြစ် ခံယူလိုတဲ့ဆန္ဒရှိတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ထောက်ခံအဆိုပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
NUG ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ၂ နှစ်ကျော်အတွင်း မြန်မာစစ်တပ်ကနေ အလင်းဝင်လာသူ ၃,၈၇၄ ဦးရှိပြီး တပ်ကနေ ထွက်ပြေးလာသူ ၂ သောင်းခန့်ရှိတယ်လို့ သိရပါတယ်။
တစ်ဖက်မှာတော့ NUG လက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တချို့ မြန်မာစစ်တပ်ဘက်ကို ဘက်ပြောင်းခိုလှုံသွားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က NUG ရဲ့ အထူးတိုင်းစစ်ဌာန ဆက်သွယ်ရေးစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ CDM တပ်ကြပ်ကြီး နေဝင်းအောင်၊ တိုင်းစစ်ဌာန လုံခြုံရေးတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးနဲ့ ဆက်သွယ်ရေးရဲဘော် ၂ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ တပ်ပြေးရဲဘော်တွေရဲ့ သတင်းပေးမှုကြောင့် ဖြစ်ပွားခဲ့တာလို့ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။