ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံရှမ်းနီတွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က သွားရောက်ကူညီပေးနေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ရှမ်းနီကျေးရွာတွေဖြစ်တဲ့ တောင်ဦး၊ သဲစလောက်၊ စကတ်တော၊ ရေပေါ်မီးနဲ့ ရာလားကောင်းကျေးရွာတွေက ဒေသခံတွေဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အဲဒီဒေသမှာရှိတဲ့ SNA တပ်စခန်းတွေကို KIA နဲ့ လက်အောက်ခံအဖွဲ့တွေက ၂၀၂၆ ခုနှစ် အောက်တိုဘာ ဒုတိယပတ်ကစပြီး စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဆိုပါထိုးစစ်မှာ KIA လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ KPDF၊ နာဂ PDF၊ ဟုမ္မလင်း ပ.က.ဖ၊ ခန္တီး PDF နဲ့ နွေဦးရောင်နီ PRF မြေပြင်ထောက်ပို့တော်လှန်ရေးအဖွဲ့တို့ ပါဝင်တယ်လို့ သိရပါတယ်။
နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတဲ့ ရှမ်းနီဒေသခံတွေဟာ အိမ်ထောင်စု ၅၀၀ နီးပါးရှိပြီး နေထိုင်ရေးနဲ့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဘေးရှောင်တွေကို SNA တပ်မဟာ ၉၇၂ မှ တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်တွေက သွားရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
တိမ်းရှောင်နေရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။ ရာသီဥတုအပြောင်းအလဲနဲ့ နေထိုင်စားသောက်မှု အခက်အခဲတွေကြောင့် စစ်ဘေးရှောင်အချို့ဟာ ဖျားနာတာ၊ အအေးမိတာနဲ့ အခြားကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရပြီး အခြေခံဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် SNA တပ်မဟာ ၉၇၂ ရဲ့ ကျန်းမာရေးတပ်ဖွဲ့ဝင်တွေဟာ စစ်ဘေးရှောင်စခန်းတွေရှိရာကို ကွင်းဆင်းသွားရောက်ပြီး လိုအပ်တဲ့ ဆေးဝါးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်ကိုင်း–ကချင်အစပ်ရှိ ရွှေတွင်းကျေးရွာအုပ်စု၊ ရွှေတွင်းကျေးရွာ၊ ရွှေပြည်မြင့်ကျေးရွာ၊ လမ်းဆုံမှော်၊ ရာလားတီးကျေးရွာ၊ ပါဟုတ်ကြီးကျေးရွာ၊ တောင်ဦးအုပ်စု၊ ဟော်ဆိုင်ကျေးရွာ၊ တာမယ်ပုတ်ကျေးရွာ၊ ငှက်ပျောတောမှော်၊ သဲပူကော် (ဆိုင်ပူကော်) နဲ့ စုံတွဲမှော်တို့မှာ ဒေသခံတွေရဲ့ နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါဖြစ်စဉ်တွေဟာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း KIA က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရာလားတီးနဲ့ ပါဟုတ်ကြီးကျေးရွာတွေမှာ KIA နဲ့ ရွှေလုပ်ငန်းရှင်အချို့ ပူးပေါင်းပြီး ရွှေတူးဖော်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ကျေးရွာဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းနီလူမျိုးအများစု နေထိုင်တဲ့ ဥရုချောင်းရိုးဒေသရှိ ကျေးရွာတွေကို KIA နဲ့ လက်အောက်ခံအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်တာ၊ ရှမ်းနီကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ရွှေတူးဖော်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။










