ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၅၆၅ မှာ အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီနေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မိုးကောင်းမြို့နယ်အခြေစိုက် SNA တပ်မဟာ ၅၆၅ ရဲ့ အမှတ်စဉ် (၁) အပတ်စဉ် (၈) အခြေခံစစ်သင်တန်းနဲ့ တိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါ SNA တပ်မဟာ ၅၆၅ ဟာ မိုးညှင်း၊ မိုးကောင်း ဒေသတို့မှာ လှုပ်ရှားလျက်ရှိနေပြီး ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့လည်း မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။
SNA ဟာ ရှမ်းနီပြည်နယ် ရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေး၊ မြန်မာနိုင်ငံအထက်ပိုင်း ဒေသတွင်းရှိ ပြည်သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ရှမ်းမျိုးနွယ်စုများအားလုံး စည်းလုံးညီညွတ်ရေး စတဲ့ မူ (၅) ချက်ကို ချမှတ်အကောင်အထည်ဖော် လှုပ်ရှားလျက်ရှိတယ်လို့ သိရပါတယ်။
ကချင် နဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ တိုင်းဆာ၊ တိုင်းလုံ၊ တိုင်းနေ၊ တိုင်းမောဝ်၊ တိုင်းကဒူး၊ တိုင်းကနန်း၊ တိုင်းခွမ်၊ တိုင်းခမ်းတီး၊ တိုင်းနိုင်း- တိုင်းလိုင်- တိုင်းလျဲန် ခေါ် ရှမ်းနီ စတဲ့ ရှမ်းမျိုးနွယ်စုတွေကို ကိုယ်စားပြုပြီး SNA ကို ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။
SNA ဟာ ကချင်ပြည်နယ်အတွင်း ပါဝင်နေတဲ့ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်၊ တမူး၊ ကလေး၊ ကသာ၊ ဝန်းသို စတဲ့ မြို့နယ်တွေကို စုစည်းပြီး ရှမ်းနီပြည်နယ်ရရှိရေး လှုပ်ရှားလျက်ရှိနေတယ်လို့ သိရပါတယ်။








