Home » ရခိုင်ကို လေကြောင်းတိုက်ခိုက်မှု လက်တုံ့ပြန်သွားမယ်လို့ AA ပြော

ရခိုင်ကို လေကြောင်းတိုက်ခိုက်မှု လက်တုံ့ပြန်သွားမယ်လို့ AA ပြော

by Homeland Author

ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ မြန်မာစစ်တပ်ကို ထိရောက်တဲ့ လက်တုံ့ပြန်မှုတွေကို ပြုလုပ်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ပြောပါတယ်။

အရပ်သားပြည်သူလူထု၊ အိုးအိမ်တိုက်တာ အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားကာ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်၍ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပေါ်စေတဲ့ တိုက်ခိုက်မှုမှာ တိုက်ရိုက် တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတို့ကို တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့က ကျောက်တော်မြို့ အိန္ဒိယဈေးအနီးပတ်ဝန်းကျင်နဲ့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်တို့ကို မြန်မာစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း လမ်းသွားလမ်းလာတွေ၊ ဈေးရောင်းဈေးဝယ်၊ ကုန်တင်ကုန်ချ လုပ်သားတွေအပါအဝင် ၄၉ ဦး သေဆုံးခဲ့ရပြီး ၅၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

အလားတူ ထိုနေ့တနေ့ထဲမှာပဲ မင်းပြားမြို့နယ် စွန်ရဲကျေးရွာ၊ သံတွဲမြို့နယ် ငပလီကမ်းခြေတို့ကို မြန်မာစစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူတွေ၊ အဆောက်အအုံတွေ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနဲ့ ဈေးတွေအပါအဝင် သာသနိက အဆောက်အအုံတွေကို တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေအပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ AA က ဆိုပါတယ်။

အဲဒီဖြစ်ရပ်အတွင်း သေဆုံးခဲ့တဲ့သူတွေရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ မိမိတို့အားလုံး ထပ်တူဝမ်းနည်းရပြီး တရားမျှတမှုရရှိစေဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွက် အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီး ပစ်ခတ်တိုက်ခိုက်သူတွေနဲ့ ပါဝင်ပတ်သက်တဲ့သူတွေအားလုံးကို မှတ်တမ်းတင်ထားရှိပြီး တူညီတဲ့ တုံ့ပြန်မှုမျိုးကိုလည်း ပြုလုပ်သွားမယ်လို့ AA က ဆိုပါတယ်။

related posts

Leave a Comment