Home » မွန်၊ ကရင်၊ ပအိုဝ်း လူငယ်နိုင်ငံရေး နှီးနှောဖလှယ်ပွဲကျင်းပ

မွန်၊ ကရင်၊ ပအိုဝ်း လူငယ်နိုင်ငံရေး နှီးနှောဖလှယ်ပွဲကျင်းပ

by Homeland Author

မွန်၊ ကရင်၊ ပအိုဝ်း လူငယ်နိုင်ငံရေး နှီးနှောဖလှယ်ပွဲတရပ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) မှ ကမကထပြု၍ ပထမဆုံးအကြိမ် ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း အင်အားစုတွေအကြား အပြန်အလှန် သိရှိနားလည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြပြီး မွန်ပြည်နယ်အတွင်း တော်လှန်ရေးကြိုးပမ်းမှုတွေအပါအဝင် လက်ရှိ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို သုံးသပ်ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ တော်လှန်ရေး/နိုင်ငံရေးဦးဆောင်မှုတွေမှာ လူငယ်တို့ရဲ့ အခန်းကဏ္ဍကို စုပေါင်းသုံးသပ်ခဲ့ကြပြီး အနာဂတ်မှာ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာစေရေး လက်တွေ့ကျတဲ့ အစီအစဉ်တွေ ချမှတ်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

နှစ်ရက်တာ ကျင်းပခဲ့တဲ့ အဆိုပါ နှီးနှောဖလှယ်ပွဲကို မွန်၊ ကရင်၊ ပအိုဝ်း အင်အားစု (၉) ခုမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ကရင်လူငယ်အစည်းအရုံး (ဗဟို) မှ ခေါင်းဆောင်တွေက အားပေးစကားတွေ ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ဟာ ၂၀၂၃ ခုနှစ်မှစတင်ပြီး မွန်လူငယ်နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ မွန်-တနင်္သာရီနဲ့ မွန်-ထားဝယ် အင်အားစုတို့အကြား တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment