Home » ဗန်းမော်ကို စစ်တပ်က ထိန်းချုပ်ဖို့ ကြိုးစားရင် စစ်ရေးပိုပြင်းထန်လာနိုင်တယ်လို့ KIA ပြော

ဗန်းမော်ကို စစ်တပ်က ထိန်းချုပ်ဖို့ ကြိုးစားရင် စစ်ရေးပိုပြင်းထန်လာနိုင်တယ်လို့ KIA ပြော

by Homeland Author

စစ်တပ်အနေနဲ့ ဗန်းမော်မြို့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် စစ်ရေးက ပိုပြီးပြင်းထန်လာနိုင်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗန်းမော်မြို့ကို မြန်မာစစ်တပ်ဘက်က စစ်အင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက “ဒါကတော့ သူတို့ စစ်အင်အားတွေ ဖြည့်တယ်၊ လက်နက်အင်အားတွေ ဖြည့်တယ်ဆိုတော့ စစ်ရေးအခြေအနေကတော့ ပိုပြီးပြင်းထန်လာနိုင်ဖို့ ရှိပါတယ်။ သူတို့ဘက်ကနေ စစ်ဆင်ရေးလုပ်ရင်တော့ ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက သူတို့ဘက်မှာလည်း အခက်အခဲအများကြီး ရှိမှာပါ။ သူတို့ရဲ့ ရဲဘော်တွေ၊ စစ်သားတွေကလည်း ဘယ်လောက်အထိ ကျွမ်းကျင်မှုရှိမလဲဆိုတာပေါ်မှာလည်း မူတည်မှာပါ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ရည်ရွယ်ချက်ကို ကြည့်လိုက်လို့ရှိရင်တော့ ဗန်းမော်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုရင်တော့ စစ်ရေးက ပိုပြီးပြင်းထန်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

အခုလ ပထမပတ်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၁၅ စီးခန့်ကို ရွှေကူမြို့နယ်အနီးမှာ KIA နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် ၁ စီး နစ်မြုပ်သွားပြီး ၄ စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ရွှေကူကနေ ဆန်တက်လာတဲ့ စစ်သင်္ဘော ၃ စီးအနက် ၁ စီးဟာ KIA ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိမ်းမှောက်နစ်မြုပ်သွားပြီး ၂ စီးကတော့ ရွှေကူဘက်ကို ပြန်လှည့်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

KIA ရဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့ စစ်သင်္ဘော

ဒါပေမဲ့ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပါဝင်နိုင်တယ်လို့ ယူဆရတဲ့ စစ်သင်္ဘောအများအပြားက ဗန်းမော်မြို့ကို ရောက်ရှိသွားတာကြောင့် စစ်ရေးက ပိုပြီးပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

KIA အနေနဲ့ သူတို့ဘက်က အဆင်မပြေတော့ဘူးဆိုရင် ငြိမ်းချမ်းရေးစကား ပြန်ပြောလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူနဲ့ စစ်တပ်အရာရှိဟောင်း ဒေါက်တာအောင်မျိုးက ပြောပါတယ်။

“တကယ်အမှန်အတိုင်းပြောရရင် KIA ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ သူတို့အခြေအနေကို ကောင်းကောင်းတွက်ချက်တတ်တဲ့အဖွဲ့ပေါ့နော်။ အဲဒီတော့ သူတို့အနေနဲ့လည်း သူတို့ အဆင်မပြေဘူးဆိုရင် ငြိမ်းချမ်းရေးစကား ပြောလာမှာပေါ့နော်။ ဒါက ဖြစ်နိုင်ပါတယ်။ အဲဒီတော့ သေချာတာတစ်ခုကတော့ ဒီတစ်ခါ စကားပြောရင် အရင်လိုနဲ့တော့ မတူတော့ဘူးပေါ့နော်။ အရင်တုန်းကတော့ ‘လာပါ၊ လာပါ’ ဆိုပြီး အတင်းဖိတ်ခေါ်တယ်။ အခုကတော့ မဟုတ်ဘူး။ ‘မင်းတို့ လာမလား၊ မလာဘူးလား’ ဆိုတဲ့ သဘောမျိုးပေါ့နော်။ လာရင် မင်းတို့ရပိုင်ခွင့်နဲ့အညီ မျှတအောင် ပေးမယ်၊ မလာရင် မလာသလိုတော့ မင်းတို့ ခံရမယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားပြီ။ အဲဒီလို အနေအထားတွေက အရင်နဲ့ မတူတော့ဘူးပေါ့နော်” လို့ ပြောပါတယ်။

မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရေယာဉ် အစီး ၂၀ ခန့်ကို KIA က ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ဘက်က ပြောကြားထားပါတယ်။

လက်ရှိမှာလည်း စစ်တပ်နဲ့ KIA တို့အကြား ဗန်းမော်၊ ရွှေကူ၊ စင်းခန်းနဲ့ ခေါင်လန်ဖူးဒေသတွေမှာ နှစ်ဖက်စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ သိရပါတယ်။

related posts

Leave a Comment