သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က စစ်တပ်ထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ UWSA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးညီရမ်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ ဟွေအောကျေးရွာမှာ UWSA စစ်ဒေသ (၁၇၁) က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာအစိုးရဌာနတွေထံ ၂၆ ကြိမ်မြောက် လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို စက်တင်ဘာလ ၄ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှာ ပုံပါကျင်မြို့ BP-(1) စခန်းနဲ့ မာစံဖော “ဝ” စခန်းကြားမှာ လုံခြုံရေးတပ်ဖွဲ့တွေက သံသယရှိတဲ့ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတစ်ဂိုဏ်း ဝင်ရောက်လာတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ရပ်တန့်စစ်ဆေးဖို့ အမိန့်ပေးခဲ့ပေမယ့် သံသယရှိသူတွေက မူးယစ်ဆေးဝါးတွေကို စွန့်ပစ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ UWSA ရဲ့ မူးယစ်တိုက်ဖျက်ရေးဌာနမှူး ဦးဆွိထွမ်းက အခမ်းအနားမှာ ပြောပါတယ်။
ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့သူတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက လမ်းကြောင်းအမျိုးမျိုးကနေ လိုက်လံဖမ်းဆီးခဲ့ပြီး သဲလွန်စတွေကို စုဆောင်းကာ ဆက်လက်စုံစမ်းထောက်လှမ်းနေတယ်လို့ ဆိုပါတယ်။
UWSA ဘက်ကနေ မက်သာဖက်တမင်းနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေအပါအဝင် မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေ၊ စုစုပေါင်းတန်ဖိုး ကျပ် ၁ ဒသမ ၃၉၁ ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို စစ်တပ်ထံ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ မူးယစ်ဆေးဝါး လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို ခလရ (၆၅) ယာယီတပ်ရင်းမှူး ဗိုလ်မှူးဝင်းတင်၊ UWSA စစ်ဒေသ (၁၇၁) မူးယစ်တိုက်ဖျက်ရေးဌာနမှူး ဦးဆွိထွမ်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ပလိတ်၊ စစ်ဒေသ (၁၇၁) က တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။





