Home » RCSS က မြန်မာစစ်တပ်နဲ့ ခပ်ခွာခွာရပ်တည်လာတယ်လို့ ဆို

RCSS က မြန်မာစစ်တပ်နဲ့ ခပ်ခွာခွာရပ်တည်လာတယ်လို့ ဆို

by Homeland Author

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က ဆိုပါတယ်။

ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်တဲ့ RCSS ရဲ့ နိုင်ငံရေးရပ်တည်ချက် အပြောင်းအလဲအပေါ် သုံးသပ်ချက်မှာ အခုလို ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ သေကြေပျက်စီးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဗိုလ်ချုပ်ကြီး ယွက်စစ်က ဝေဖန်ပြောဆိုခဲ့ပြီး မြန်မာစစ်တပ်နဲ့ ခပ်ခွာခွာ ရပ်တည်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းအမျိုးသားနေ့မှာ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့နဲ့ စစ်တပ်ကို ရင်ဆိုင်တုံ့ပြန်နိုင်ဖို့အတွက် တစ်ခုတည်းသော ဖက်ဒရယ်တပ်မတော်တစ်ရပ် ဖွဲ့စည်းတည်ထောင်ဖို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က လူထုကို လူသိရှင်ကြား တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ သတင်းသမားများကို တွေ့ရစဉ်

RCSS အဖွဲ့ရဲ့ မူလဦးတည်ချက်ဖြစ်တဲ့ “ဒေသဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ကနေ “ရှမ်းပြည်နယ်အတွက် ဖက်ဒရယ်မူဝါဒတွေ မူကြမ်းရေးဆွဲခြင်း” အဆင့်အထိ ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်းအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ သံဃာတော်တွေကြား ကျယ်ကျယ်ပြန့်ပြန့် ဘုံသဘောတူညီချက် ရရှိဖို့အတွက် ပထမအကြိမ် ရှမ်းပြည်နယ်အမျိုးသားညီလာခံကို လက်ခံကျင်းပခဲ့တာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

RCSS နဲ့ နှစ်ရှည်လများ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ တိုက်ရိုက်လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမယ့်အစား ဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်ပြီး ပဋိပက္ခတွေ လျှော့ချဖို့ ကြိုးပမ်းခဲ့တယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ နိုင်ငံရေးလမ်းကြောင်းဟာ မြန်မာစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှုကို လုံးဝစွန့်လွှတ်လိုက်တာထက် စစ်တပ်က ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မှီခိုနေခြင်းကနေ ခွာထွက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

RCSS ဟာ အပစ်အခတ်ရပ်စဲရေးကို ဗဟိုပြုတဲ့ မဟာဗျူဟာကနေ သျှမ်းပြည်နယ်တစ်ဝန်း ဘုံသဘောတူညီချက် ရရှိရေး၊ အဲဒီကတစ်ဆင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မူဝါဒတွေ ရေးဆွဲနိုင်ရေး၊ တိုင်းရင်းသားအချင်းချင်း ပြန်လည်သင့်မြတ်ရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဦးတည်တဲ့ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးစီမံကိန်းဆီကို ကူးပြောင်းနေပုံရတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ အရပ်သားပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးဟာ မရှိမဖြစ် အရေးကြီးကြောင်း၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းတစ်ခုတည်းနဲ့ မဖြေရှင်းနိုင်ကြောင်း၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား အချင်းချင်း တိုက်ခိုက်နေခြင်းကို ရပ်တန့်ရမှာဖြစ်ကြောင်းနဲ့ နောက်ဆုံးအဆုံးအဖြတ်အနေနဲ့ ဖြေရှင်းရမယ့်နည်းလမ်းဟာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်သာ ဖြစ်ရမယ်ဆိုတဲ့ အချက်တွေကို RCSS က ထောက်ခံတဲ့ သဘောရှိတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က ဆိုပါတယ်။

related posts

Leave a Comment