ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေး တစိုက်မတ်မတ် ဆောင်ရွက်ပေးခဲ့တဲ့ ဂမ်ဘီယာနိုင်ငံကို ကျေးဇူးတင်ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို KNU အနေနဲ့ ကြိုဆိုပြီး လူမျိုးတုံးသတ်ဖြတ်မှုကို ဖြစ်စေတဲ့ လုပ်ရပ်များ (actus reus) နဲ့ ရိုဟင်ဂျာတွေကို အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဖျက်ဆီးပစ်ဖို့ အထူးရည်ရွယ်ချက် (mens rea) တို့နဲ့ ပတ်သက်တဲ့ တရားရုံးရဲ့ တွေ့ရှိချက်ကို ထောက်ခံတယ်လို့ ဆိုပါတယ်။
KNU ဟာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရှိ ပြည်သူတွေအဖြစ် ကာလကြာရှည်ကတည်းက အသိအမှတ်ပြုခဲ့ပြီး တရားမျှတမှုနဲ့ တန်းတူအခွင့်အရေးတို့အတွက် ၎င်းတို့ရဲ့ ရုန်းကန်မှုမှာ အတူတကွ ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအမှုကို တရားရုံးမှာ တင်သွင်းပြီး စီရင်ချက်ချမှတ်တဲ့အထိ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ ဂမ်ဘီယာနိုင်ငံကိုလည်း ကျေးဇူးတင်ရှိတယ်လို့ KNU က ပြောပါတယ်။

KNU ဟာ ရိုဟင်ဂျာတွေရဲ့ တန်းတူညီမျှတဲ့ နိုင်ငံသားဖြစ်ခွင့်၊ ရိုဟင်ဂျာအဖြစ် မိမိတို့ကိုယ်ကို သတ်မှတ်ဖော်ထုတ်ခွင့်နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်ကို ထပ်လောင်းအတည်ပြုတယ်လို့ ပြောပါတယ်။
အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ကူညီထောက်ပံ့ပေးပြီး အရပ်သားတွေကို ကာကွယ်ဖို့၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ရရှိရေး သေချာစေဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေ နစ်နာမှုအတွက် ကုစားမှုတွေ ရရှိဖို့ ဆောင်ရွက်ရာမှာ ရိုဟင်ဂျာအသိုင်းအဝိုင်း၊ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ KNU က တောင်းဆိုခဲ့ပါတယ်။
အဲဒီလုပ်ငန်းစဉ်ဟာ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံရှိ လူမျိုးအားလုံးရဲ့ တန်းတူအခွင့်အရေးနဲ့ လုံခြုံရေးကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆီ ဦးတည်ရမယ်လို့ ဆိုပါတယ်။
အရပ်သားအစိုးရလက်ထက် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပြီး လက်ရှိမှာလည်း ဒုက္ခသည် ၁.၂ သန်းခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။