Home » စစ်တပ်ရဲ့ စစ်ဆင်ရေးကို အာဆီယံက ပံ့ပိုးနေဟု JFM ပြော

စစ်တပ်ရဲ့ စစ်ဆင်ရေးကို အာဆီယံက ပံ့ပိုးနေဟု JFM ပြော

by Homeland Author

မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို အာဆီယံက ဆက်လက်ပံ့ပိုးကူညီပေးနေတယ်လို့ Justice For Myanmar က နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ မနီလာမြို့မှာ တွေ့ဆုံနေချိန်၊ ၎င်းတို့ဟာ မြန်မာစစ်အုပ်စုနဲ့ စစ်ဘက်ဆိုင်ရာ ထိတွေ့ဆက်ဆံတာတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ပံ့ပိုးကူညီလျက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ စစ်ဆင်ရေးကို အပြစ်ပေးအရေးယူခံရခြင်းမှ လုံးဝလွတ်ကင်းစွာ လုပ်ဆောင်နိုင်စေတဲ့ လက်ရှိအခြေအနေကိုလည်း ဆက်လက်ထိန်းသိမ်းထားလျက်ရှိတယ်လို့ ဆိုပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတွေကို မင်းအောင်လှိုင်အား တက်ရောက်ခွင့် ပိတ်ပင်ထားသော်လည်း စစ်အုပ်စု အခြားကိုယ်စားလှယ်တွေဟာ အစည်းအဝေးတွေ၊ သင်တန်းတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ ပုံမှန်ပါဝင် တက်ရောက်လျက်ရှိကြောင်း Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ကြည်းတပ်၊ ရေတပ်နဲ့ ရဲတပ်ဖွဲ့တို့လည်း ပါဝင်နေပြီး၊ “အကြမ်းဖက်မှုတိုက်ဖျက်ရေး” နဲ့ ဒရုန်းအသုံးပြုမှုကဲ့သို့သော ကဏ္ဍတွေမှာ ပါဝင်လေ့ကျင့်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ရပ်ကို ပံ့ပိုးကူညီရမယ့်အစား အာဆီယံရဲ့ ကာကွယ်ရေးအစီအစဉ်တွေဟာ အကျပ်အတည်းရဲ့ အကြောင်းရင်းခံဖြစ်တဲ့ စစ်အုပ်စုကိုပင် လေ့ကျင့်သင်ကြားပေးပြီး ပိုမိုအတင့်ရဲလာစေဖို့ အားပေးအားမြှောက်ပြုလျက်ရှိတယ်လို့ ဆိုပါတယ်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်တပ်အတွက် ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်သုံးပစ္စည်း၊ ဝန်ဆောင်မှုနဲ့ လေယာဉ်ဆီ ထောက်ပံ့နေမှုတွေကို ဖုံးကွယ်ပေးထားတယ်လို့ ပြောပါတယ်။

စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ကိုင်တာဟာ အာဆီယံအဖွဲ့ဝင်အစိုးရတွေကိုပါ တိုက်ရိုက်ပတ်သက် ငြိစွန်းစေပြီး ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီဟာ သဘာဝဓာတ်ငွေ့တင်သွင်းခြင်းမှတစ်ဆင့် စစ်အုပ်စုထံ ငွေကြေးစီးဆင်းစေပြီး၊ ဗီယက်နမ်နိုင်ငံပိုင် Viettel ကုမ္ပဏီကလည်း စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ အကျိုးအမြတ်များစွာ ရရှိနေတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းအစိုးရတွေ ကုမ္ပဏီတွေကို စစ်အုပ်စုထံ စစ်လက်နက်၊ စစ်သုံးပစ္စည်းနဲ့ လေယာဉ်ဆီရောင်းချမှုတွေမှာ ကြားခံပွဲစားလုပ်ဆောင်နိုင်ဖို့ ၎င်းတို့ရဲ့ နယ်မြေပိုင်နက်အတွင်း အ‌ခြေစိုက်လုပ်ကိုင်ခွင့် ပေးထားပြီး၊ ၎င်းတို့ရဲ့ ဘဏ္ဍာရေးစနစ်တွေမှတဆင့် ငွေပေးချေမှုတွေကိုလည်း ဆောင်ရွက်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အာဆီယံရဲ့ ဆက်လက်ကြံရာပါပတ်သက်နေမှုကို Justice For Myanmar က ရှုတ်ချတယ်လို့ ပြောပါတယ်။

အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေဖြင့် မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ပိတ်ဆို့ဟန့်တားနေတာ၊ စစ်တပ်ကို တရားဝင်မှု ပေးအပ်နေတာတွေကို ရပ်တန့်ရမယ်လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာစစ်အုပ်စုအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်မှတ်တာ၊ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တာနဲ့ မြန်မာ့အရေးအခြေအနေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ တစ်ဆင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးတာတွေကို ဆောင်ရွက်သင့်တယ်လို့ Justice For Myanmar က ပြောပါတယ်။

related posts

Leave a Comment