အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) Website မှာ ငွေကြေးထောက်ပံ့သူ ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေ ပေါက်ကြားပြီး ၂၁ ဦးကို ဖမ်းမိတယ်လို့ တပ်ဘက်က စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြခဲ့ပါတယ်။
NUG ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ၊ ၎င်းတို့ရေရှည်ရပ်တည်နိုင်ဖို့အတွက် PRF ကို တည်ထောင်ပြီး Wave Pay၊ NUG Pay၊ SDB Bank၊ Crypto နဲ့ နိုင်ငံခြား Payment စနစ်တွေမှတဆင့် ငွေကြေးကောက်ခံတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
PRF Website မှာ Wave Pay နဲ့ ငွေကြေး ထောက်ပံ့သူ ၇၀၀ ဦးခန့်၊ NUG Pay နဲ့ ငွေကြေး ထောက်ပံ့သူ ၁၀၀၀ ဦးခန့်၊ SDB ဘဏ်နဲ့ ငွေကြေးထောက်ပံ့သူ ၁၀၀၀ ဦးခန့် စုစုပေါင်း ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ PRF Website ကို ငွေကြေးထောက်ပံ့ပေးပို့သူတွေဖြစ်ကြတဲ့ မိုးညှင်းမြို့နေထက်သူအောင်၊ လားရှိုးမြို့နေ မေရီဆန်စင် ၊ ရွှေညောင်မြို့နေ မျိုးမြမြတ်ထွန်းကြည် ပုသိမ်ကြီးမြို့နယ်နေ လှိုင်ဖုန်း ၊ ပြင်ဦးလွင်မြို့နေ စန်းယုအောင် ၊ ပျဉ်းမနားမြို့နယ်နေ သဲအိခိုင်၊ ဇမ္ဗူသီရိမြို့နယ်နေ သီဟ၊ လှည်းကူးမြို့နေ ဇော်ကိုလတ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ရန်နိုင်အောင် ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ မျိုးဇော် ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အောင်ဟိန်း ၊ မင်္ဂလာဒုံမြို့နယ်နေ ငြိမ်းဝင်းအောင်နှင့် ကျော်ဝင်းစိုး၊ လှိုင်မြို့နယ်နေ မြသီတာ ၊ ကြည့်မြင်တိုင်မြို့နယ်နေသက်နိုင်ထူး ၊ ဆိပ်ကြီးခနောင်တို တိုက်နယ်နေ ညွန့်ရီ ၊ ပုသိမ်မြို့နေ ကြူကြူဝင်း၊ ဒေးဒရဲမြို့နေ သိန်းဇင်ထိုက်နှင့် ကြည်ကြည်စန်း၊ မအူပင်မြို့နေ အောင်ဇော်ထွေး၊ ကျောင်းကုန်းမြို့နေ အေးအေးသင်း စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် NUG ရဲ့ PRF Website နဲ့ ဆက်စပ်ပြီး ကျန်ရှိသူတွေကို ဆက်လက်ဖော်ထုတ်သွားမှာဖြစ်ကြောင်း၊ ဖော်ထုတ်ဖမ်းဆီးရရှိတဲ့ Wave Pay အကောင့်တွေကိုလည်း ပိတ်သိမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေး ရဲဘော်တွေအတွက် လက်နက်၊ ကျည်၊ ယူနီဖောင်း စတဲ့ လိုအပ်ချက်တွေ အများကြီးရှိတာကြောင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အားကောင်းဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားထားပါတယ်။


