စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်နယ်မြေအတွင်း လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် ၃၀ ကျော် စစ်တပ်ထံ လက်နက်ချလိုက်တယ်လို့ တပ်က ထုတ်ပြန်လာပါတယ်။
ဆားတောင် နယ်မြေအတွင်းက Local PDF အမျိုးသား ၂၃ ဦး၊ ၎င်းတို့ရဲ့ မိသားစုဝင် အမျိုးသမီး ၃ ဦး၊ ဆားတောင်မိုးကြိုးအဖွဲ့မှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦး၊ ၎င်းတို့ရဲ့ မိသားစုဝင် အမျိုးသမီး ၃ ဦး စုစုပေါင်း PDF အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၃ ဦး၊ မိသားစုဝင် အမျိုးသမီး ၆ ဦး လက်နက်ချ ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
PDF နဲ့ မိသားစုဝင် စုစုပေါင်း ၃၈ ဦးဟာ လက်နက်၊ ခဲယမ်းတွေနဲ့အတူ စစ်တပ်ထံ လက်နက်ချ ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လက်နက်ချ ဝင်ရောက်လာတဲ့ PDF နဲ့ မိသားစုဝင်တွေကို စစ်ကိုင်းမြို့ရှိ နယ်မြေခံတပ်မှ တာဝန်ရှိသူတွေက လိုအပ်တာတွေကို ကူညီထောက်ပံ့ပေးတာ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးတာတွေ စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ ပူးပေါင်းသွားသူတွေဟာ ဝက်လက်မြို့နယ်၊ ရွာသာကြီး ပကဖ တာဝန်ခံ ကိုလင်းရဲ့ ညာလက်ရုံး မီးတောက်အဖွဲ့နဲ့ စစ်ကိုင်းမြို့နယ် ဂျိမ်းစိုးအဖွဲ့တို့ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဆိုပါတယ်။