တအာင်းဒေသအတွင်း အခုနှစ် ၈ လတာကာလအတွင်း မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ အကြမ်းဖက်မှုတွေကို နေ့စဉ်ရင်ဆိုင်နေရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ပဋိပက္ခရဲ့ ခါးသီးမှုဒဏ်တွေအပြင် အတင်းအဓမ္မပြုကျင့်ခံရတာ၊ အိမ်တွင်းအကြမ်းဖက်ခံရတာ၊ လူကုန်ကူးခံရတာ စတဲ့ အကြမ်းဖက်မှုများစွာ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဒေသအတွင်း အဓမ္မပြုကျင့်မှု ၄ ခု၊ အိမ်တွင်းရေးဖောက်ပြန်မှု ၈ ခု၊ အိမ်တွင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၁ ခု၊ အမျိုးသားမှ ကွာရှင်းခွင့်မပေးမှု ၄ မှု၊ လူကုန်ကူးမှု ၅ ခု၊ ရိုက်နှက်ခံရမှု ၁ ခု၊ ကလေးမွေးဖွားစဉ် သေဆုံးမှု ၁ ခု စုစုပေါင်း ၃၄ ခုကို မှတ်တမ်းတင်ခဲ့ပြီး လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို TWO က ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသအတွင်း နိုင်ငံရေးမတည်ငြိမ်မှု အခြေအနေတွေအကြား တိုးတက်လာတဲ့ KTV လုပ်ငန်းတွေ၊ အဆင့်မြင့်မူးယစ်ဆေးဝါးတွေ၊ လောင်းကစားလုပ်ငန်းတွေနဲ့ သဘာဝသယံဇာတ စီမံကိန်းတွေကြောင့် လိင်ဖျော်ဖြေရေး လုပ်ငန်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတဲ့အတွက် မိန်းကလေးငယ်တွေဟာ လိင်လုပ်သားဘဝသို့ ရောက်ရှိလာကြတယ်လို့ ဆိုပါတယ်။
အကျိုးဆက်အနေနဲ့ အိမ်တွင်းရေးပြဿနာတွေ တိုးပွားလာတာ၊ အိမ်တွင်းရေးဖောက်ပြန်တာ၊ ရောဂါကူးစက်မှုနှုန်း တိုးပွားလာတာတွေ ဖြစ်ပေါ်နေပြီး အိမ်ထောင်ပြိုကွဲမှုဖြစ်စဉ်တွေ ဖြစ်လာတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသမီးတွေဟာ အိမ်တွင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရင်ဆိုင်နေကြရပြီး လူမှုပတ်ဝန်းကျင်တွေက သာမန်ဖြစ်စဉ်ဟု မှတ်ယူပြီး လျစ်လျူရှုထားခံရတာ၊ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မှု အားနည်းတာတို့ကြောင့် ကျူးလွန်သူတွေဟာ အကြမ်းဖက်ဖို့ ပိုမိုရဲတင်းလာကြပြီး ဖြေရှင်းဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအဆင့်ထိ ဖြစ်သော်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေထံ တိုင်ကြားမှုတွေ ရှားပါးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အတင်းအဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး လာရောက်အကူအညီတောင်းတဲ့ ဖြစ်စဉ်တွေအပေါ် ဥပဒေလမ်းကြောင်းအရ အရေးယူဆောင်ရွက်နိုင်ဖို့ ကူညီပံ့ပိုးပေးနိုင်ခဲ့သလို ဒီကနေ့အချိန်ထိ ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံတွေလည်း ရှိနေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ဆိုပါတယ်။