Home » ရှမ်း၊ တအာင်း မြို့ရွာအမည်တွေ မပြောင်းဟု MNDAA မျက်နှာပြောင်တိုက် လိမ်လည်နေ

ရှမ်း၊ တအာင်း မြို့ရွာအမည်တွေ မပြောင်းဟု MNDAA မျက်နှာပြောင်တိုက် လိမ်လည်နေ

by Homeland Author

ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဒေသခံတိုင်းရင်းသားတွေရဲ့ သမိုင်းဝင်ယဉ်ကျေးမှုလက္ခဏာတွေနဲ့ မြို့ရွာအမည်တွေကို ပြောင်းလဲဖျက်ဆီးတာ မရှိဘူးလို့ ပြောဆိုထားပေမဲ့ အဲဒီပြောဆိုချက်ဟာ မျက်နှာပြောင်တိုက် လိမ်လည်ပြောဆိုခြင်းသာ ဖြစ်တယ်လို့ သျှမ်းလူငယ်ကွန်ဂရက် (DYC) က နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်မှာ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က MNDAA ရဲ့ ဌာနေတိုင်းရင်းသားဝိသေသလက္ခဏာ ဖျောက်ဖျက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစာတမ်းမှာ MNDAA က ဒေသခံလူထုအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာ၊ တအာင်းအလံနဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးတာ၊ ဒေသခံတွေနဲ့ ညှိနှိုင်းမှုမရှိဘဲ ရွာဆိုင်းဘုတ်တွေကို တရုတ်စာနဲ့ အစားထိုးတာ စတဲ့ဖြစ်စဉ်တွေကို ဖော်ပြထားတယ်လို့ DYC က ဆိုပါတယ်။

MNDAA ဟာ သိန္နီမြို့အတွင်း သျှမ်းလူမျိုးတွေရဲ့ အထင်ကရနေရာတွေကို တရုတ်စာနဲ့ အစားထိုးခဲ့သလို မြို့အတွင်းရှိ ဆိုင်တွေကိုလည်း တရုတ်စာနဲ့ အတင်းအကျပ် ပြောင်းလဲစေခဲ့တယ်လို့ DYC က ပြောပါတယ်။ အဲဒီလုပ်ရပ်တွေဟာ တရုတ်လူမျိုးကြီးဝါဒနဲ့ ကိုလိုနီပြုမှုကို ဖော်ဆောင်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုင်းရင်းသားယဉ်ကျေးမှုပွဲတော်တွေကို လွတ်လပ်စွာ ကျင်းပခွင့်ပြုတယ်လို့ MNDAA က ပြောဆိုထားပေမဲ့ ဘုရားပွဲနဲ့ ရိုးရာပွဲတွေအောက်မှာ လောင်းကစားဝိုင်းတွေကို ရက်ပေါင်းများစွာ ဖွင့်လှစ်ခွင့်ပေးထားတာသာ ဖြစ်တယ်လို့ DYC က ပြောပါတယ်။ လောင်းကစားဝိုင်းတွေ ခွင့်ပြုတာဟာ ဒေသခံလူထုကို လူညွန့်တုံးစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လောင်းကစားဝိုင်းတွေကြောင့် ဒေသခံလူငယ်နဲ့ လူကြီးတွေကြား လူမှုရေးအခက်အခဲ၊ မိသားစုပြဿနာ၊ စီးပွားရေးကျဆင်းမှုတွေအပြင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ခိုးမှု၊ လုယက်မှုနဲ့ လူသတ်မှုတွေ ဖြစ်ပွားနေတယ်လို့ DYC က ဆိုပါတယ်။

ပညာရေးနယ်ပယ်မှာလည်း တိုင်းရင်းသားဘာသာစကားတွေ သင်ကြားခွင့်ပြုတယ်လို့ MNDAA က ပြောဆိုထားပေမဲ့ တအာင်းဘာသာစကားနဲ့ သင်ကြားတဲ့ကျောင်း ၂၂ ကျောင်းသာ ကွတ်ခိုင်မြို့နယ်မှာ ရှိပြီး သျှမ်းမြောက်ဒေသမှာလည်း သျှမ်းစာသင်ကြားတဲ့ကျောင်းတွေဟာ သီပေါ ၂ ကျောင်း၊ မိုင်းရယ် ၁ ကျောင်း၊ လားရှိုး ၁ ကျောင်းနဲ့ သိန္နီ ၁ ကျောင်းသာ ရှိတယ်လို့ ဆိုပါတယ်။

MNDAA ထိန်းချုပ်ဒေသရှိ စာသင်ကျောင်းတွေမှာ တရုတ်ဘာသာရပ်မှာ မဖြစ်မနေ ပါဝင်တဲ့ ဘာသာရပ်ဖြစ်နေပြီး ရွေးချယ်ခွင့်ပေးထားတယ်လို့ဆိုသော်လည်း သေနတ်ပြ ဓားမိုးအုပ်ချုပ်တဲ့ ပညာရေးမှာ တရုတ်စာကို မသင်ချင်ကြောင်း ဆန့်ကျင်ဝံ့တဲ့ ဒေသခံ ရှိမှာ မဟုတ်ဟု ဆိုပါတယ်။

ဒါ့အပြင် တရုတ်လုပ်ငန်းရှင်တွေဟာ MNDAA နဲ့ ပူးပေါင်းပြီး စိုက်ပျိုးရေးလုပ်ကိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျေးရွာတွေမှာ ဒေသခံတွေကို လယ်ယာမြေတွေ မငှားမနေရ ငှားရမ်းစေဖို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ DYC က ပြောပါတယ်။ နှစ်ရှည်ငှားရမ်းစာချုပ်တွေ ချုပ်ဆိုစေတာဟာ ငှားရမ်းမှုအမည်ခံ မြေသိမ်းယူမှုသာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သျှမ်းနိုင်ငံရေးနဲ့ တော်လှန်ရေးကို ကိုယ်စားပြုတဲ့ SSJAC က MNDAA ရဲ့ ဒေသခံလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို လက်မခံဘဲ သွေးထိုးလှုံ့ဆော်မှုဖြစ်တယ်လို့ MNDAA က စွပ်စွဲရေးသားခဲ့ကြောင်း DYC က ဆိုပါတယ်။ ထို့အပြင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာပါက SSJAC အနေနဲ့ အပြည့်အဝ တာဝန်ယူရမယ်ဆိုတဲ့ ခြိမ်းခြောက်ရေးသားမှုတွေလည်း တွေ့ရတယ်လို့ ဖော်ပြပါတယ်။

SSJAC ဟာ သျှမ်းအမျိုးသားလူထုရဲ့ နိုင်ငံရေးနဲ့ စစ်ရေးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်ပြီး MNDAA ရဲ့ ခြိမ်းခြောက်မှုဟာ သျှမ်းတစ်မျိုးသားလုံးကို စော်ကားတာဖြစ်တယ်လို့ DYC က ဆိုပါတယ်။

သျှမ်းလူထုကို ကိုယ်စားပြုတဲ့ SSJAC အပေါ် ခြိမ်းခြောက်မှုကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုထားသလို သျှမ်းလူငယ်နိုင်ငံရေးကို ကိုယ်စားပြုတဲ့ DYC အနေနဲ့လည်း SSJAC နဲ့ တစ်သားတည်း ရပ်တည်ကြောင်း MNDAA ကို အသိပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

related posts

Leave a Comment