Home » နမ့်နန်းမှာ HPDF က အဓမ္မတပ်သားသစ် စုဆောင်းနေ၍ ဒေသခံတွေ အခက်ကြုံ

နမ့်နန်းမှာ HPDF က အဓမ္မတပ်သားသစ် စုဆောင်းနေ၍ ဒေသခံတွေ အခက်ကြုံ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်နန်းကျေးရွာနဲ့ အနီးတဝိုက်ရှိ ရွှေမှော်တွေမှာ ဟုမ္မလင်း HPDF တွေက အတင်းအဓမ္မ တပ်သားသစ်စုဆောင်းနေတာကြောင့် ဒေသခံတွေနဲ့ ရွှေမှော်အလုပ်သမားတွေ အခက်အခဲကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

HPDF တွေက နေ့ခင်းဘက်မှာ သွားလာဟန်ပြ၍ ယောက်ျားသားတွေ ရှိသောနေရာတွေကို လိုက်လံကြည့်ရှုပြီး ညဘက်မှာ ကားကြီးတွေနဲ့ လှည့်ပတ်ကာ ဖမ်းဆီးခေါ်‌ဆောင်သွားတယ်လို့ ဆိုပါတယ်။

အရင်က မနက် ၆ နာရီမှ ည ၁၀ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်သော်လည်း အခုအခါ အဲဒီလို ထုတ်ပြန်ခြင်းမရှိဘဲ မိုးချုပ်ရင် ကား၊ ဆိုင်ကယ်တွေနဲ့ လှည့်ပတ်သွားလာကာ အဓမ္မဖမ်းဆီးခေါ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

အရင်က ညအချိန်မတော် သွားလာ‌နေသူတွေ၊ ဆူပူသူတွေကို ခေါ်ဆောင်တာပဲ ရှိခဲ့တာ၊ အခုက အိမ်ထဲကို ဝင်ပြီး အတင်းအဓမ္မဖမ်းဆီးပြီး တပ်သားသစ်စု‌ဆောင်းနေကြတာ၊ အဲဒီလိုလုပ်တာက လူ့အခွင့်အရေးကို မလေးစားဘဲ ချိုးဖောက်နေတာ ဖြစ်တယ်၊ စက်တင်ဘာ ၂၀ ရက်နေ့ကဆိုရင် သူတို့ အဓမ္မဖမ်းဆီးလာတဲ့ လူငယ်တွေကို တင်လာတဲ့ ကားဟာ နွံနစ်နေတာကို အဲဒီလူငယ်တွေကိုပဲ အရှေ့ကနေ ဆွဲခိုင်းတယ်၊ စက်တင်ဘာ ၂၁ ရက် ညကလည်း တပ်သားသစ်စုဆောင်းမှာစိုးလို့ အိမ်တံခါးတွေ ပိတ်ထားတာ အပြင်ကနေ တံခါးတွေကို ထုထောင်းပြီး ဖွင့်နေကြတယ်”လို့ နမ့်နန်းဒေသခံတစ်ဦးက ပြောပါတယ်။

အခု စက်တင်ဘာလအတွင်း နမ့်နန်းဒေသမှာ အတင်းအဓမ္မဖမ်းဆီးခံရသူ လူ ၃၀ ခန့် ရှိနေပြီးဖြစ်ပြီး ဟုမ္မလင်း HPDF၊ နမ့်နန်းရွာ ပလဖ/ပအဖ ခေါင်းဆောင်၊ အဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဓမ္မ ဖမ်းဆီးခံရသူ အချို့မှာ ပြန်လည်လွတ်လာပြီး အချို့မှာ ဘယ်နေရာကို ပို့ဆောင်လိုက်သလဲဆိုတာ မသိရကြောင်း၊ ရွာခံများကို လွတ်ခြင်းမှာ အဆိုပါ ရွာသားတွေမှ ထောက်ပံ့မှု မပေးတော့မှာကို စိုးရိမ်၍ လွတ်ပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “နမ့်နန်းကျေးရွာ၊ နမ့်နန်းဈေးတန်းအပြင် အဲဒီပတ်ဝန်းကျင်က ရွှေတူးတဲ့ နေရာတွေ မှော်တွေ၊ ဘုံလုံ၊ မြောက်လျှို (ဒေသအခေါ်) မှော်တွေမှာ ည ၉ နာရီမရောက်ခင်ကတည်းက လာစောင့်ကြည့်ကြတယ်၊ Starlink wifi လာ‌ရောက် သုံးစွဲတဲ့ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတယ်၊ အကယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေ သွားရောက်စုံစမ်းရင် သူတို့ မသိဘူးဆိုပြီး ငင်းဆန်နေကြတယ်” လို့ ပြောပါတယ်။

ရွှေတူးဖော်ရေး လုပ်ကိုင်ရာ ဒေသဖြစ်တဲ့အတွက် HPDF ရဲ့ အဓမ္မတပ်သားသစ်စုဆောင်းမှုကြောင့် လုပ်သားတွေ ခေါ်ယူမရဘဲ ရှားပါးလာတာ၊ ဒေသခံမိဘတွေမှာလည်း သားဖြစ်သူတွေကို အပြင်လွတ်ရန်ပင် စိတ်မချဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း အနီးနားရှိ ပဲခွင်၊ ရွာတန်းရှည်တို့လို ကျေးရွာတွေကနေ ခွဲတမ်းကျ လူတောင်းခံတဲ့အပြင်၊ အခုလို မတရား ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

ဟုမ္မလင်းကာကွယ်ရေး တပ်ရင်း (၂) နဲ့ (၄) က အဆိုးဆုံး ဖမ်းဆီးနေတာဖြစ်ပြီး တပ်ရင်း (၄) ဆိုရင် နေ့ခင်းဖက်မှာလည်း ဖမ်းဆီးမှုတွေ လုပ်ဆောင်နေကြောင်း နဲ့ ပကဖအဖွဲ့မှ အနားယူထားသူတွေကိုတောင် အဓမ္မဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဒေသမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေဟာ အဘက်ဘက်မှ စိုးရိမ်ပူပန်မှုတွေနဲ့ ကြုံတွေ့နေရပြီး မိမိအိမ်မှာလည်း စိတ်လုံခြုံစွာ မနေရဲဖြစ်‌နေကြတဲ့ အခြေအနေဖြစ်နေသလို ညဖက် မီးမထွန်းရဲလောက်အောင် ဖြစ်ကြရတယ်လို့ ဆိုပါတယ်။

အဆိုပါ အပြုအမူတွေဟာ လက်ရှိ မြန်မာစစ်တပ်နဲ့ မထူးခြားနားပင် ဖြစ်နေပြီး ပြည်သူတွေရဲ့ စိတ်ဆန္ဒမပါဘဲ အဲဒီလို ပြုမူတာဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို ပျက်ပြားစေပြီး တော်လှန်ရေးကို အင်မတန်မှ သရုပ်ပျက်စေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဆိုပါ ကိစ္စရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ တာဝန်ရှိသက်ဆိုင်ရာ လူကြီးတွေက လျစ်လျူရှုမ‌နေဘဲ တာဝန်ယူ စိစစ်‌ဖြေရှင်း‌ပေးဖို့ နမ့်နန်းဒေသခံတွေက အကူအညီတောင်းခံတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment