Home » ဗန်းမောက်မြို့အတွင်း အိမ်ထောင်စု ၂၀၀ ကျော် ပြန်လည်ဝင်ရောက်

ဗန်းမောက်မြို့အတွင်း အိမ်ထောင်စု ၂၀၀ ကျော် ပြန်လည်ဝင်ရောက်

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဗန်းမောက်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်တဲ့ အိမ်ထောင်စု ၂၀၀ ကျော် ရှိနေပြီဖြစ်တယ်လို့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ နီးစပ်သူထံက သိရပါတယ်။

ဒီနေ့ ဧပြီ ၁၀ ရက်နေ့အထိ ဗန်းမောက်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်တဲ့ အိမ်ထောင်စု ၂၀၂ စုရှိပြီး ကျား ၂၂၇ ဦး၊ မ ၂၃၁ ဦး ၊ ကျား/မ စုစုပေါင်း ၄၅၈ ဦးရှိကြောင်း သိရပါတယ်။

ဗန်းမောက်မြို့မှာ ရပ်ကွက်ကြီး(၄)ရပ်ကွက်ရှိပြီး ဒီနေ့အထိ မြို့မရပ်ကွက်တွင်းသို့ အိမ်ထောင်စု ၆၅ စုရှိပြီး ကျား ၇၈ ဦး၊ မ ၅၈ ဦး၊ စုစုပေါင်း ၁၃၆ ဦး ရှိကြောင်း၊ မြနန္ဒာရပ်ကွက်တွင်းသို့ ပြန်လည်ဝင်ရောက်သည့် အိမ်ထောင်စု ၇၃ စုရှိပြီး ကျား ၈၀ ဦး၊ မ ၉၃ ဦး၊ စုစုပေါင်း ၁၇၃ ဦး ရှိကြောင်း သိရပါတယ်။

အလားတူ လွှစင်ကုန်းရပ်ကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်လာတဲ့ အိမ်ထောင်စု ၂၄ စုရှိပြီး ကျား ၂၅ ဦး၊ မ ၃၂ ဦး၊ စုစုပေါင်း ၅၇ ဦးကြောင်း၊ အောင်သာကုန်းရပ်ကွက်တွင်းသို့ ပြန်လည်ဝင်ရောက်တဲ့ အိမ်ထောင်စု ၄၀ စုရှိပြီး ကျား ၄၄ ဦး၊ မ ၄၈ ဦး၊ စုစုပေါင်း ၉၂ ဦး ရှိနေတယ်လို့ ဆိုပါတယ်။

SNA ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဖြစ်ကြတဲ့ ကတူးအာမီ၊ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ဗန်းမောက်မြို့ရှိ မြို့ခံပြည်သူလူထုတွေ နဲ့ အနီးအနားကျေးရွာရှိ ပြည်သူတွေဟာ ဘေးကင်းရာသို့ အသီးသီးတိမ်းရှောင်သွားကြရပါတယ်။

အလားတူ မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမောက်မြို့ရှိ ဌာနဆိုင်ရာအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ ပျက်စီးခဲ့ရသလို မြို့ခံလူထုတို့ရဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် SNA နဲ့ တပ်ဖက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဗန်းမောက်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ကစ၍ ပြည်သူလူထုတွေအနေဖြင့် မြို့တွင်းပြန်လည်နေထိုင်ခွင့်ပြုပြီဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ်မှာ ရှမ်းနီ၊ ကတူး၊ ကနန်းအပြင် တခြားသော လူမျိုးများ နေထိုင်ကြပြီး၂၀၁၄ သန်းခေါင်စာရင်းအရ မြို့နယ်တခုလုံးမှာ လူဦးရေ ၁၁၂၆၆၈ ဦးရှိကာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ရှမ်းနီလူမျိုးတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

related posts

Leave a Comment