ဗမာပြည်လွတ်မြောက်ရေးတပ်မတော် (BPLA) အနေနဲ့ အာရက္ခတပ်တော် (AA) အပါအဝင် မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီစွာလက်တွဲပြီး တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
အာဏာရှင်စနစ် နဲ့ လူမျိုးကြီးဝါဒကျဆုံးရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ တန်းတူညီမျှမှုတို့ကို အပြည့်အဝအာမခံနိုင်ဖို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဆုံးထိ တိုက်ပွဲဝင်မယ်လို့ AA ဖွဲ့စည်းတည်ထောင်ခြင်း ၁၇ နှစ်မြောက်နေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ ရခိုင်ပြည်လွတ်မြောက်ရေးမှသည် မြန်မာပြည်သူတရပ်လုံး လွတ်မြောက်ရေးအထိ မျှော်ရည်ကြိုးပမ်းလျက်ရှိနေတာကို တွေ့မြင်ရတဲ့အတွက် အများကြီး အားတက်ဂုဏ်ယူမိတယ်လို့ BPLA က ပြောပါတယ်။
BPLA အနေနဲ့ AA ရဲ့ အောင်မြင်မှုတွေကို အားကျနေရုံမဟုတ်ဘဲ မိမိကိုယ်တိုင် ကြိုးစားအားထုတ်ရဖို့ကိုလည်း နားလည်သဘောပေါက်ကြောင်း၊ အခုလို အောင်မြင်မှုတွေ ရဖို့အတွက် အသက်၊ သွေး၊ ချွေးတို့ ပေးဆပ်ရခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ နဲ့ ပြည်သူတွေကို ဦးညွှတ်ဂုဏ်ပြုတယ်လို့ ပြောပါတယ်။
AA အနေနဲ့ အခြားမဟာမိတ်အဖွဲ့တွေနဲ့အတူ BPLA ကို စစ်ပညာသင်ပေးတာ၊ လိုအပ်တဲ့ အကူအညီတွေ ပေးအပ်တာ နဲ့ လက်ရှိတိုက်ပွဲတွေမှာလည်း အတူတကွ ပါဝင်ခွင့်ပေးတာတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
ဒီကနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့ဟာ အာရက္ခတပ်တော် (AA) ဖွဲ့စည်းတည်ထောင်ခြင်း ၁၇ နှစ်ပြည့်ဖြစ်ပြီး လက်ရှိမှာ အာရက္ခတပ်တော်က ရခိုင် နဲ့ ချင်းပြည်နယ်အတွင်းက မြို့အများအပြားကို သိမ်းပိုက်ရရှိထားပါတယ်။