မိုးညှင်းမြို့နယ် ကြာကြီးကွင်းကျေးရွာ စာသင်ကျောင်းမှာ တိုင်းရင်းသားစာပေနဲ့ ဘာသာစကားအတွက် ရှမ်းနီစာပေ သင်ကြားပို့ချနေကြတယ်လို့ ရှမ်းနီတိုင်းရင်းသားစာပေသင်ကြားရေးဆရာ (မောဆွမ်း) တွေထံမှ သိရပါတယ်။
အဲဒီသင်တန်းမှာ ရှမ်းနီတိုင်းရင်းသားစာပေသင်ကြားရေးဆရာ (မောဆွမ်း) လူဦးရေ ၃၀ ကျော် လာရောက်ကြပြီး ရှမ်းနီစာပေနဲ့ ပတ်သက်၍ ၂ ဦးသာ အတွေ့အကြုံ (အထိအတွေ့) ရှိတယ်လို့ ပြောပါတယ်။
“အစက မွမ်းမံသင်တန်းဆိုပြီး လုပ်တာပေါ့။ ဒီမှာ လာတဲ့ မောဆွမ်းတွေက အရင်က ရှမ်းနီစာပေကိုလည်း မသင်ခဲ့ဖူးဘူး” ဟု မောဆွမ်းက ပြောပါသည်။
သင်တန်းမှာ ရှမ်းနီတိုင်းရင်းသားစာပေသင်ကြားရေးဆရာ (မောဆွမ်း) ကိုယ်တိုင်က ရှမ်းနီစကား အားနည်းခြင်း၊ သင်တန်းမှာ ရက် ၂၀ သင်တန်းဖြစ်တဲ့အတွက် သင်တန်းရက် မလုံလောက်ခြင်း စတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိ သင်ကြားပို့ချနေတဲ့ သင်ခန်းစာမှာ ၂ လစာအတွက်ဖြစ်ပြီး မွမ်းမံသင်တန်း ပြန်လည်ပို့ချမယ်လို့လည်း ဆိုပါတယ်။
ရှမ်းနီစာပေ ယဉ်ကျေးမှုမှာ ပါဝင်ဆောင်ရွက်နေသူ ပင်းဘောကျေးရွာမှ ဦးဖဲအောင်က “တကယ်တမ်း လူမျိုးတစ်မျိုးလုံးရဲ့ အသက်သွေးကြောက စာပေပဲ။ စာပေကနေ ဆင်းသက်ပြီး ကျွန်တော်တို့တွေ ပါတီလုပ်ငန်းစဉ်တွေ၊ နိုင်ငံရေးတွေ ဆက်လုပ်နိုင်မှာ” လို့ ပြောပါတယ်။
လက်ရှိ အနေအထားမှာ ရှမ်းနီဘာသာစကား အားနည်းချက်ကြောင့် ဘာသာစကား တတ်ကျွမ်းတဲ့ ရှမ်းနီမောဆွမ်းတွေကို ကြိုးစားစေလိုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
တိုင်းရင်းသား ဘာသာသင် TA/LT တွေကိုလည်း တတ်နိုင်တဲ့ဘက်က ကူညီသွားမယ်လို့ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး မိန့်ခွန်းပြောကြားထားကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
တိုင်းရင်းသားစာပေနဲ့ ဘာသာစကားတွေကို ၂၀၂၀ ပညာသင်နှစ် ကိုဗစ်ကာလနဲ့ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပွားကတည်းက ရပ်တန့်ခဲ့ရပြီး ၂၀၂၆ မှသာ ပြန်လည်သင်ကြားနိုင်ရေး ဆောင်ရွက်နေခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ သင်တန်းကို ၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့က စတင်ခဲ့ပြီး ကချင်ပြည်နယ် တစ်နယ်လုံးမှာ မိုးညှင်းမြို့နယ် ကြာကြီးကွင်းကျေးရွာ ဆရာမွမ်းမံသင်တန်းနဲ့ မြစ်ကြီးနား ပမ္မတီးရပ်ကွက် ရှမ်းနီစာပေနဲ့ အင်္ဂလိပ်စာသင်တန်း နှစ်ခုသာ ရှိခဲ့တယ်လို့ သိရပါတယ်။


