စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တော်စီကျေးရွာရှိ လယ်ယာမြေတွေမှာ ဟုမ္မလင်း – PDF ရဲ့ ခွင့်ပြုမှုနဲ့ တရားမဝင် ရွှေတူးဖော်နေမှုကို ဒေသခံတွေက ကန့်ကွက်နေကြတယ်လို့ သိရပါတယ်။
နမ့်စကားချောင်းနဲ့ အနီးဝန်းကျင်ရှိ လယ်ယာမြေတွေမှာ ဒေသခံပြည်သူတွေက နှစ်ရှည်လများ ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှ လက်ရှိမှာ ဦးမောင်အိုက်၊ ဦးသောင်းပို၊ ဦးရေပြင်၊ ဦးကျောက်ခဲ အပါအဝင် လူ (၅) ဦးမှ ဦးဆောင်၍ ရွှေသတ္တုတူးဖော်မှုတွေကို အဓိက ကြိုးကိုင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ဦးဆောင်သူ ၁ ဦးစီဟာ ဒေသတွင်းလှုပ်ရှားနေတဲ့ ဟုမ္မလင်း – PDF နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆိုသူတွေကို ရွှေဖောင်တစ်ဖောင်လျှင် ကျပ်သိန်း ၇၀၀ နှုန်းဖြင့် ငွေကြေးအများအပြား ပေးဆောင်ပြီး တူးဖော်နေတာလို့ သိရပါတယ်။
ဒေသခံပြည်သူတွေက ၎င်းတို့ရဲ့ စိုက်ပျိုးမြေတွေနဲ့ ချောင်းမြောင်းတွေ ပျက်စီးမှာကို စိုးရိမ်၍ ရွှေတူးဖော်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုနေသော်လည်း အဲဒီ တောင်းဆိုမှုတွေကို လုံးဝလျစ်လျူရှုကာ တူးဖော်မှုတွေ အတင်းအဓမ္မ ဆက်လက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
တော်စီကျေးရွာသားတစ်ဦးက “နမ့်စကားချောင်းကနေ ဝင်ပြီးတိုက်တာ၊ ချောင်းရော ချောင်းဘေးဝဲယာရော မတိုက်ဖို့ တားထားတာလေ။ သူတို့ အဓမ္မဝင်လို့တိုက်တာပေါ့” လို့ ပြောပါတယ်။