မိုးညှင်းဗဟိုအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေကို ငွေကြေး၊ ဆေးဝါးနဲ့ ရိက္ခာတွေကို လစဉ်ထောက်ပံ့မှုတွေ ရှိနေသော်လည်း ထောင်အာဏာပိုင်တွေက ကြားမှဖြတ်ယူနေတယ်လို့ ပြန်လည်လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထံက သိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံရေးပုဒ်မအမျိုးမျိုးဖြင့် မိုးညှင်းဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အစောပိုင်းကာလတွေမှာ အပြင်မှ ထောက်ပံ့မှုတွေကို ရရှိခဲ့သော်လည်း ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ထောင်အာဏာပိုင်တွေမှ ထောက်ပံ့မှုတွေကို ဖြတ်ယူနေတာလို့ ဆိုပါတယ်။
ပြန်လည်လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက “ကျနော်တို့ကို ပိုက်ဆံတွေ ဆေးဝါးရိက္ခာတွေ လစဉ်ထောက်ပံ့တယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ ကျနော်တို့က ဘာမှမရတော့ဘူး။ အရင်နှစ်တွေကတော့ ရတယ်၊ ထောင်အာဏာပိုင်အပြောင်းအလဲတွေဖြစ်ပြီး ၂၀၂၅ နှစ်ကုန်ပိုင်းလောက် ဘာမှ မရတော့ဘူး။ ဒါပေမဲ့ အပြင်ကတော့ လစဉ်သွင်းပြီး ထောင်ဘက်ကလည်း လက်ခံပြေစာတွေပေးတယ်လို့ ကျနော်အပြင်ရောက်တော့ သိရတယ်။ ဆိုတော့ ထောင်အာဏာပိုင်တွေကပဲ ဖြတ်စားလိုက်တယ်ထင်တယ်” လို့ ပြောပါတယ်။