ဟုမ္မလင်းမြို့နယ် နမ့်ကိုးတန်ချောင်းဖျားမှာ ရွှေသတ္တူတူးဖော်ဖို့ စီစဉ်နေတာကြောင့် ချောင်းအောက်ပိုင်းရှိ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးနိုင်တဲ့အတွက် ကောယားအုပ်စုအတွင်းရှိ ကျေးရွာတွေက ဒေသခံရွာသူရွာသားတွေနဲ့ တောင်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်လျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီ ရွှေသတ္တူတူးဖော်မှု ပြင်ဆင်နေတဲ့ ကိစ္စနဲ့ပတ်သက်၍ တုံလုံးကျေးရွာ၊ တုံမာဟဲကျေးရွာ နဲ့ စံကပ်ကျေးရွာတို့မှ ဒေသခံတွေက မိမိတို့ရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေ နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်မှာကို စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။
ဒေသခံတောင်သူတစ်ဦးက “ကျနော်တို့ရဲ့ အနာဂတ် လယ်ယာမြေတွေ ပျက်စီးသွားမှာကို လုံးဝလက်မခံနိုင်ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာကူညီပေးဖို့ နဲ့ ဒီလုပ်ငန်းတွေကို ရပ်တန့်ပေးဖို့ ကန့်ကွက်တောင်းဆိုရတာပါ” လို့ ပြောပါတယ်။
ရွှေသတ္တူတူးဖော်ခြင်းကြောင့် စိုက်ပျိုးမြေတွေ ပျက်စီးခြင်း၊ ချောင်းအောက်ပိုင်းရှိ လယ်ယာမြေတွေ နဲ့ လက်ဖက်စိုက်ခင်းတွေအတွင်းသို့ မြေစာနဲံ ဓာတုပစ္စည်းတွေ စီးဝင်ကာ စိုက်ပျိုးမြေများ ရေရှည်ပျက်စီးနိုင်ခြင်း၊ ရေပေးဝေရေးစနစ် ထိခိုက်ခြင်း၊ စိုက်ပျိုးရေးအတွက် အဓိကအားထားနေရတဲ့ ရေပေးဝေရေးဆည်တွေ တိမ်ကောပျက်စီးသွားနိုင်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် လုပ်ကိုင်စားသောက်ဖို့ မြေနဲ့ရေ အရင်းအမြစ်တွေ ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။
ဒါကြောင့် လက်ရှိ သတ္တူတူးဖော်ဖို့ ပြင်ဆင်နေသူတွေက ဒေသခံတောင်သူတွေ နဲ့ လာရောက်ညှိနှိုင်းမှုတွေ ရှိနေသော်လည်း (မတ်လ ၁၇ ရက်မှ ၁၉ ရက်အတွင်း တွေ့ဆုံမှုတွေ အပါအဝင်)၊ ဒေသခံတွေကတော့ ၎င်းတို့ရဲ့ စိုက်ပျိုးမြေတွေ မပျက်စီးစေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ တာဝန်ရှိသူတွေအနေဖြင့် အဆိုပါ ရွှေသတ္တူတူးဖော်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုမိန့် မပေးဖို့ နဲ့ လက်ရှိ တူးဖော်ဖို့ ပြင်ဆင်နေမှုတွေကို အမြန်ဆုံး တားမြစ်ဟန့်တားပေးဖို့ တောင်းဆိုနေကြပါတယ်။
ဒေသခံတောင်သူတွေဟာ မိမိတို့ရဲ့ လူမှုစီးပွားဘဝနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက် ဆက်လက်၍ ကန့်ကွက်သွားဖို့ ပြင်ဆင်နေကြကြောင်း သတင်းရရှိပါတယ်။