Home » “ဝ”တပ်ဖွဲ့ပိုင် စက်ရုံကြောင့် နမ့်ခုတ်မြစ်ရေညစ်ညမ်းမှု ပိုဆိုးရွာလာ

“ဝ”တပ်ဖွဲ့ပိုင် စက်ရုံကြောင့် နမ့်ခုတ်မြစ်ရေညစ်ညမ်းမှု ပိုဆိုးရွာလာ

by Homeland Author

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ ပိုင်ဆိုင်တဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မတ်လ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို UWSA မှ ပိုင်ဆိုင်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ စတင်လည်ပတ်ခဲ့ကြောင်း၊ မိုင်းဆတ်မြို့တောင်ဘက် ၁၀ ကီလိုမီတာအ ကွာ ၁၉၉၇ ခုနစ်မှာ UWSA တောင်ပိုင်းရဲ့ ဌာနချုပ်အဖြစ် ဖွင့်လှစ်ခဲ့တဲ့ ၀မ်ဟုန်ကျေးရွာ အုပ်စု နမ့်ခုတ် မြစ်တစ်ဘက်ကမ်းမှာ တည်ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်ပြီး လက်ရှိမှာ စိုးရိမ်ရနေသည်မှာ ကျောက်မီးသွေးလောင်ကျွမ်းရာမှ ထွက်ရှိလာတဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နဲ့ အမှုန်အမွှားတွေ (သတ္တုများ အပါအဝင်) ပါဝင်တဲ့ အဆိပ်သင့်ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေသခံတို့ရဲ့ အသက် ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေတဲ့အပြင် အက်ဆစ်မိုးကိုလည်း ရွာသွန်းစေနိုင်တာကြောင့် ကီလိုမီတာ ၈၀ ပတ်လည်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းတွေကို ခြိမ်းခြောက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဝမ်ဟုန်းရွာသားတွေရဲ့ ပြောပြချက်အရ အိမ်ပြင်ထွက်တဲ့အခါ စက်ရုံမှ ကျောက်မီး သွေးနံ့တွေကို ရရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ၀မ်ဟုန်ရှိ UWSA လက်အောက်မှ စစ်တပ်စခန်းတွေ၊ သင်တန်းကျောင်းတွေ နဲ့ လက်နက်နဲ့ ရာဘာ စက်ရုံတွေအတွက် လျှပ်စစ် ဓာတ်အားပေးလျက်ရှိတယ်လို့ဆိုပါတယ်။

အခု စက်ရုံတည်ဆောက်မယ့် အစီအစဥ်ကို မြန်မာအစိုးရမှ စက်ရုံဆောက်တဲ့ လုပ်ငန်းခွင်သို့ သွားရောက် လည်ပတ်တဲ့ ၂၀၂၀ ခုနစ်မေလမှာ ပထမဆုံးထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ စီမံကိန်းဖော်ဆောင်တဲ့ ကုမ္ပဏီမှာ ၀မ်ဟုန်နေထရယ်လ်အင်နာဂျီ ကုမ္ပဏီ (Wan Hong Natural Energy Co. Ltd) ဖြစ်ပြီး လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀ ထုတ်လုပ်နိုင်စွမ်းရှိဖို့ လျာထားကာ အဲဒီမှတဆင့် ဝမ်ဟုန် ကို ဖြတ်၍ တာချီလိတ်မြို့သို့ လျှပ်စစ်ဓာတ်အား ပေးပို့ဖြန့်ဖြူးသွားမှာဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ဆိုပါတယ်။

မြန်မာအစိုးရတာဝန်ရှိသူတွေ ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်နေရာကို လာရောက်ကြည့်ရှုစဉ် (၂၀၂၀ ခုနှစ် မေလ)

ဒေသခံတွေရဲ့ ပြောကြားချက်အရ အလုပ်သမား ၁၅၀ ခန့်မှ ဓာတ်အားပေးစက်ရုံကို တည်ဆောက် နေကြပြီး အလုပ်သမားအများစုမှာ ဗမာလူမျိုးများဖြစ်ကာ တရုတ်နည်းပညာရှင်တွေက တည်ဆောက် ရေးကို ကြီးကြပ်တယ်လို့ ဆိုပါတယ်။

စက်ရုံအတွက် ကျောက်မီးသွေးကို လျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ဖန် (Fang) မြို့နယ်နဲ့ မျက်နှာချင်းဆိုင်ရှိ မိုင်းတုံမြို့ နယ် အရှေ့ဘက် တောင်ကုန်းတွေပေါ်မှ မဲကင်ကျေးရွာအုပ်စု၊ နားပါကော်ကျေးရွာအနီးရှိ ဟင်းလင်းပွင့် (open-pit) ကျောက်မီးသွေးတွင်းအသစ်မှ ရယူခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ ၁၀ ဘီး ကုန်တင်ယာဉ်ကြီးတွေနဲ့ ကျောက်မီးသွေးတွေကို ဓာတ်အားပေးစက်ရုံသို့ “နေ့ရောညပါ” သယ်ယူပို့ ဆောင်နေကြတယ်လို့ဆိုပါတယ်။

မိုင်းတွင်းအောက်ဘက်ရှိ မဲကင်ချောင်းတလျှောက်မှာ နေထိုင်ကြတဲ့ ရွာသားတွေမှာလည်း အဲဒီရေကို အသုံးပြုခြင်းကြောင့် ယားနာတွေ ဖြစ်ပွားလာပြီး ငါးတွေလည်း စတင်သေဆုံးနေတယ်လို့ ဆိုပါတယ်။

ဝမ်ဟုန်ဒေသမှာ မူလက သျှမ်းတိုင်းရင်းသား အိမ်ထောင်စု ၂၀၀ ခန့်သာ နေထိုင်ခဲ့သော်လည်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ဝေရှောက်ခန်း (Wei Hsueh Kang) က UWSA (တောင်ပိုင်း) ဌာနချုပ်အဖြစ် တည်ထောင်ပြီးနောက် ဝနယ်မြောက်ပိုင်းမှ ရွာသား ၂၄,၀၀၀ ကျော်ကို ဝမ်ဟုန်နဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ အဓမ္မပြောင်းရွှေ့အခြေချခိုင်းခဲ့တာကြောင့် ဒေသခံလူဦးရေဖွဲ့စည်းပုံမှာ လုံးဝပြောင်းလဲသွားခဲ့တယ်လို့ ပြောပါတယ်။

အဲဒီကာလအတွင်း မြောက်ပိုင်းမှ ဝရွာသားပေါင်း ၁၂၆,၀၀၀ ကျော်ကို မိုင်းတုံ၊ မိုင်းဆတ်နဲ့ တာချီလိတ်စတဲ့ တောင်ပိုင်းမြို့နယ်တွေမှာ အဓမ္မပြောင်းရွှေ့ အခြေချခိုင်းခဲ့ခြင်းဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ဆိုပါတယ်။

related posts

Leave a Comment