Home ရိုးရာဓလေ့ ဟုမ္မလင်းမြို့နယ် နမ့်တော၊ သက္ကယ်တောင်မှာ ရှမ်းနီအမျိုးသားနေ့အခမ်းအနား ကျင်းပမယ်

ဟုမ္မလင်းမြို့နယ် နမ့်တော၊ သက္ကယ်တောင်မှာ ရှမ်းနီအမျိုးသားနေ့အခမ်းအနား ကျင်းပမယ်

by Homeland Author

လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်မယ့် (၄၉၉) နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တောမြို့၊ သက္ကယ်တောင်ကျေးရွာမှာ ရှမ်းနီအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ၊ ရှမ်းနီအမျိုးသားများပြည်နယ်မှ ဦးဆောင် ကျင်းပသွားမယ်လို့ သိရပါတယ်။

မတ်လ ၁၃ ရက် မနက် ၉ နာရီမှာ တရားနာယူခြင်း၊ ၁၀ နာရီ ၃၀ မိနစ်မှာ ဆွမ်းကပ်လှူဒါန်းခြင်းကို နမ့်တောမြို့ မေဃိန္ဒာရာမကျောင်းတိုင်မှာ ကျင်းပသွားမှာဖြစ်ကြောင်း၊ ညနေ ၄ နာရီမှာ သက္ကယ်တောင် ဟန်မောက်ယာမဏ္ဍပ်မှာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ပြီး ည ၇ နာရီမှာတော့ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲဒီနောက် မတ်လ ၁၄ ရက် မနက် ၉ နာရီမှာ ရှမ်းနီရိုးရာအစားအစာပြိုင်ပွဲ ကျင်းပ၍ ညနေ ၅ နာရီမှာ ဆုချီးမြှင့်ပွဲ နဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို သက္ကယ်တောင် ဟန်မောက်ယာမဏ္ဍပ်မှာ ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံမြို့ပြအင်ပါယာအပြင် အခြားသော အောင်မြင်မှုတွေကို တည်ဆောက်နိုင်ခဲ့တဲ့ ရှမ်းနှစ် ၁၆၂၁ ခုနှစ်၊ မြန်မာ သက္ကရာဇ် ၈၈၈ ခုနှစ်၊ ခရစ်နှစ် ၁၅၂၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ ကြတာလည်း ဖြစ်ပါတယ်။

ရှမ်းနီမျိုးနွယ်တို့ရဲ့ သွေးစည်းချစ်ကြည်မှု ခိုင်မာစွာ တည်ဆောက်ဖို့၊ ရှမ်းနီအမျိုးသားသမိုင်းကြောင်း တစ်လျှောက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူတွေကို အမှတ်ရ ဂုဏ်ယူလေးစားတတ်ဖို့၊ ရှမ်းနီပြည်သူလူထု အတွင်း အမျိုးသားရေး စိတ်ဓါတ်မြင့်မား တက်ကြွစေဖို့ စတဲ့ ဦးတည်ချက်တွေနဲ့ ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းနီမျိုးနွယ်တို့ရဲ့ ဇာတိဂုဏ်၊ အမျိုးဂုဏ်ကို တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်စေလို စိတ်တွေ ပေါက်ဖွားရှင်သန်နိုင်စေဖို့ နဲ့ ပြည်ထောင်စုအတွင်း ညီနောင်တိုင်းရင်းသား ညီကိုတွေနဲ့ တရားမျှတသော တန်းတူအခွင့်အရေးကို ပူးပေါင်းလက်တွဲပြီး ငြိမ်းချမ်းစွာ တည်ဆောက်နိုင်ဖို့ ဦးတည်ကျင်းပ ခဲ့ကြတယ်လို့ သိရပါတယ်။

အရင်က ရှမ်းနီအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပေမယ့် ကပ်ရောဂါ နဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် တစ်စုတစ်စည်းထဲ ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ရှမ်းနီတို့ရဲ့ အနယ်နယ် အရပ်ရပ်၊ အဖွဲ့အစည်းအသီးသီးမှ မိမိတို့ရဲ့ သင့်လျော်သော အစီအစဉ်တွေနဲ့ ကျင်းပခဲ့ကြပါတယ်။

ရှမ်းနီလူမျိုးတွေဟာ မြန်မာပြည် အထက်ပိုင်း ဟုမ္မလင်း၊ သောင်သွပ်၊ ခန္တီး၊ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ နဲ့ ဖားကန့် စတဲ့ဒေသတွေမှာ ကျယ်ပြန့်စွာ နေထိုင်ကြပါတယ်။

အဆိုပါ ဒေသတွေကို စုစည်းပြီး ရှမ်းနီပြည်နယ် သို့မဟုတ် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းနိုင်ဖို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ရှမ်းနီနိုင်ငံရေးပါတီတွေ၊ ရှမ်းနီအမျိုးသားတစ်ရပ်လုံးက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment