ရှမ်းတိုင်းရင်းသားတွေ နဲ့ တအာင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း ညီအစ်ကိုရင်းပမာ ချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်လျက် အရင်က ရှိခဲ့ကြတဲ့ သဘောထား ကွဲလွဲမှုတွေ၊ သံသယတွေကို ဘေးဖယ်ပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်စေရေးတို့ကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြစို့ဟု ဆန္ဒမှန်မှန်ဖြင့် သဝဏ်လွှာပေးပို့ကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ပေးပို့ပါတယ်။
နတ်တော်လဆန်း ၁ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းအမျိုးသားထုကြီးတစ်ရပ်လုံးရဲ့ ၂၁၂၀ ပြည့်နှစ် ရှမ်းနှစ်သစ်မင်္ဂလာ အခါသမယရက်မြတ်သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို စုပေါင်းဝိုင်းဝန်း အဖြေရှာရေးပါ ပူးပေါင်းဆောင်ရွက်သွားကြဖို့ TNLA ရဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ရှမ်းစကားအရ “ ပီႊမႂ်ႇတႆး” ခေါ် ဤနေ့ထူးနေ့မြတ် ရှမ်းနှစ်သစ်ကူးနေ့ကို ရှမ်းညီအကိုမောင်နှမတွေ အနေဖြင့် ခေတ်အဆက်ဆက် အနယ်နယ်အရပ်ရပ်မှာ ဂုဏ်ယူဝင့်ထည်စွာ တခမ်းတနား ကျင်းပပြီး ရှမ်းတိုင်းရင်းသားတို့ရဲ့ ခေတ်အဆက်ဆက် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းမြင့်မားမှု၊ မျိုးချစ်စိတ်ပြည့်ဝမှု နဲ့ စည်းလုံးညီညွတ်မှုတို့ကို သမိုင်းတစ်လျှောက်မှာ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးခရီးကြမ်းမှာ မိမိတို့ နှစ်ဖက်ညီနောင်တွေအနေဖြင့် ဆယ်စုနှစ်ချီကြာ အပြန်အလှန် ဖေးမကူညီစောင့်ရှောက်ရင်း နှစ်ဟောင်းမှာ အတူတကွ ဖြတ်သန်းခဲ့ကြတဲ့ အတွေ့အကြုံတွေကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး လာမယ့်နှစ်သစ်တွေမှာလည်း အခုထက်သာ၍ ကောင်းမွန်တဲ့ ကောင်းကျိုးတွေ ရရှိရေးအတွက် ရှေးရှုသွားကြဖို့ လိုအပ်ကြောင်း၊ ထိုသို့ ကောင်းကျိုးချမ်းသာရရှိလိုကြသည်မှာလည်း မိမိတို့ အားလုံးရဲ့ တူညီသော ဆန္ဒဧကန်ဖြစ်တယ်လို့ TNLA ရဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ရှမ်းတိုင်းရင်းသားတွေ နဲ့ တအာင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း ညီအစ်ကိုရင်းပမာ ချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်လျက် အရင်က ရှိခဲ့ကြတဲ့ သဘောထား ကွဲလွဲမှုတွေ၊ သံသယတွေကို ဘေးဖယ်ပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်စေရေးတို့ကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြစို့ဟု ဆန္ဒမှန်မှန်ဖြင့် သဝဏ်လွှာပေးပို့ကြောင်း TNL က ပြောပါတယ်။